DVB Logo
Home
မြန်မာသတင်း
ငါးဖမ်းသင်္ဘောကြီးများ၏ စွန့်ပစ်ပိုက်များကြောင့် ရေသယံဇာတအတွက် စိုးရိမ်ရ
DVB
·
November 17, 2019
ငါးဖမ်းသင်္ဘောကြီးများ၏ စွန့်ပစ်ပိုက်များကြောင့် ရေသယံဇာတအတွက် စိုးရိမ်ရ
1 / 7
Donate to DVB

မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းသင်္ဘောကြီးတွေရဲ့ စွန့်ပစ်ပိုက်တွေကြောင့် ရေအောက်ကြမ်းပြင် သယံဇာတတွေဟာ ရေရှည်မှာ စိုးရိမ်စရာ ဖြစ်လာနေတယ်လို့ ရေအောက်ငါးဖမ်းပိုက် ရှင်းလင်းသူတွေက ပြောပါတယ်။

Myanmar Ocean Project အနေနဲ့ တနင်္သာရီတိုင်းထဲက အဏ္ဏဝါရေပြင်ထိန်းသိမ်းတဲ့ နေရာတချို့မှာ နိုင်ငံခြားသားရေငုပ်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ရေအောက်မှာရှိနေတဲ့ စွန့်ပစ်အမှိုက်တွေကို ရှင်းလင်းနေတာပါ။ 





မြန်မာပြည်ထဲမှာ ၂၀၁၃ ခုနှစ်က ရေစတင်ငုပ်ခဲ့ပြီး တနှစ်ထက်တနှစ် ရေအောက်အခြေနေဟာ ဆိုးရွားလာတဲ့အတွက် အခုလို ရေအောက်ကြမ်းပြင်ကို ရှင်းလင်းရေး စတင်ဆောင်ရွက်လာတာ ၁ နှစ်ဝန်းကျင်ရှိပြီလို့ Myanmar Ocean Project အဖွဲ့က Project Director မသန္တာကိုကြီးက ပြောပါတယ်။

“စစချင်း ရေစငုပ်တုန်းက တွေ့တဲ့ပိုက်က တထွာလောက်ဆို၊ နောက် လေးငါးနှစ်ကြာတော့ ပိုက်က လေး ငါးလွှာလောက် ဖြစ်လာတယ်။ ဒီလိုမျိုးနေရာတွေ များလာမယ်ဆိုရင် စိတ်ပူစရာကောင်းတယ်။ တချို့နေရာမှာဆို ရေအောက်က ကျောက်ပုံလည်း မမြင်ရတော့ဘူး၊ သဲတွေလည်း မမြင်ရတော့ဘူး၊ ပိုက်တွေပဲ မြင်ရတော့တယ်။ အဲဒီအပေါ်မှာရှိတဲ့ သန္တာကျောက်တန်းတွေလည်း ဘာမှမရှိတော့ဘူး။ အဲဒီလိုဖြစ်တာက Tourism အတွက် လုပ်စားလို့လည်း မကောင်းဘူး။ ဒေသခံတွေအတွက် ရေရှည်ဆိုလည်း ငါးမျိုးပြုန်းတီးတယ်၊ ဒီဟာတွေ ပျက်စီးသွားရင် ဘာမှမကျန်တော့ဘူး။”

အခုလို ရေအောက်ကြမ်းပြင် ပျက်စီးလာတဲ့အတွက် ငါးမျိုးစိတ်တွေ ရှင်သန်ဖို့ ခက်ခဲပြီး ဒေသခံတွေအနေနဲ့ ငါးဖမ်းဆီးရမိမှု တနှစ်ထက်တနှစ် နည်းသွားတာကြောင့် ငါးဖမ်းသင်္ဘောတွေအနေနဲ့ စွန့်ပစ်တဲ့ ငါးဖမ်းပိုက်တွေကို စနစ်တကျ စွန့်ပစ်စေချင်တယ်လို့ ဒေသခံ ဘုတ်ပြင်းမြို့နယ် လငန်းကျေးရွာနေ ရေလုပ်သား ဦးမြင့်လွင်က ပြောပါတယ်။

“ဒေသခံ တပိုင်တနိုင် လုပ်သူတွေကတော့ ဒီလိုပိုက်လုပ်ငန်းကို သိပ်မသုံးဘူး၊ ကမ်းနီးငါးဖမ်းလှေနဲ့ ကမ်းဝေးငါးဖမ်းလှေတွေက ပျက်စီးသွားတဲ့ သုံးမရတော့တဲ့ ငါးဖမ်းပိုက်တွေကို ရေထဲကို ဒီအတိုင်း မပစ်ဘဲနဲ့ သေသေချာချာ ထုပ်ပိုးပြီး ကုန်းပေါ်မှာ မီးရှို့ပစ်တာတို့၊ ကုန်းပေါ်မှာ သိမ်းဆည်းနိုင်တဲ့သူတွေနဲ့ သေသေချာချာ ပူးပေါင်းနိုင်မယ်ဆိုရင်တော့ ရေအောက်မှာ ပျက်စီးသွားတဲ့ သန္တာကျောက်တန်းတွေရော သေကျေသွားတဲ့ ငါးမျိုးစိတ်တွေရော လျော့နည်းသွားမှာ။”









ရေအောက်မှာ ပျက်စီးနေတဲ့ အခြေအနေတွေကို လူတွေ သိရှိမှု အားနည်းနေသေးတာကြောင့် အခုလို ဦးဆောင်ပြုလုပ်ရတာဖြစ်ပြီး ရရှိလာတဲ့ အချက်လက်တွေကို သက်ဆိုင်တဲ့ အဖွဲ့စည်းတွေ သိရှိအောင်ဆောင်ရွက်ကာ ရေရှည်မှာ စနစ်တကျ ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

Myanmar Ocean Project အနေနဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်အတွင်းက ရေအောက်နေရာ ၅၀ ကျော်မှာ ရေငုပ်စစ်တမ်းကောက် ဆယ်ယူခဲ့ပြီး တနှစ်အတွင်း အမှိုက် ကီလို ၁၆၀၀ ဝန်းကျင် ဆယ်ယူရရှိခဲ့ကာ အများဆုံးက ငါးဖမ်းသင်္ဘောတွေက စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ပင်လယ် သမုဒ္ဒရာထဲကို ငါးဖမ်းသင်္ဘောတွေက စွန့်ပစ်တဲ့ ငါးဖမ်းပိုက်တွေဟာ နှစ်စဉ် မက်ထရစ်တန်ချိန်ပေါင်း ၆ သန်း ၄ သိန်းကျော် စွန့်ပစ်နေတာကြောင့် ရေနေသတ္တဝါတွေ သိန်းနဲ့ချီပြီး ထိခိုက်ဒဏ်ရာရရှိတာ သေဆုံးတာနဲ့ မျိုးစိတ်တွေ ပျောက်ကွယ်သွားတာတွေ ရှိနေတယ်လို့ World Animals Protection အဖွဲ့က ခန့်မှန်းထားပါတယ်။








အောင်ကျော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013