
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်အာဏာရှင်ရဲ့ ရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ရဟန်းတပါး အပါအဝင် အရပ်သားပြည်သူ ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သေဆုံးသွားသူကတော့ ကျောက်ဖြူမြို့နယ်၊ ရွာသစ်ကေရွာက အသက် ၆၃ နှစ်အရွယ် ဒေါ်စံအေးနု ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ ရွာသစ်ကေရွာက အသက် ၁၄ နှစ်သမီး မနန္ဒာအောင်၊ အသက် ၇၉ နှစ်အရွယ် ဦးမောင်ဖိုးယဉ်၊ အသက် ၆၀ အရွယ် ဦးစိုးတင်၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မဝင်းနဲ့ အသက် ၃၉ နှစ်အရွယ် ဦးကျော်စိုးမိုးတို့ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသားတယောက်က “ညဉ့်လူအိပ်ချိန်မှာ ပစ်တာပါ။ လက်နက်ကြီးကျည်က အိမ်နားကိုကျတယ်။ ကျည်စမှန်ပြီး သေသွားတယ်။ နောက်လူတွေကတော့ ဒဏ်ရာကိုယ်စီရကြတယ်” လို့ ပြောပါတယ်။
ဇင်ချောင်းကျေးရွာအနီး စစ်ရေးလှုပ်ရှားနေတဲ့ ရေတပ်သင်္ဘာက မေ ၁၇ ရက် ညဉ့် ၁၁ နာရီကျော်မှာ လက်နက်ကြီးကျည် ၆ လုံးထက်မနည်း ပစ်ခဲ့ပြီး တလုံးမှာ ရွာသစ်ကေကျေးရွာထဲ ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားပါတယ်။
အလားတူ ရေတပ်က ပစ်လိုက်တဲ့ နောက်ထပ်ကျည်တွေထဲက ၂ လုံးဟာ ပေါက်ပြင်ရွာ ဘုန်းတော်ကြီးကျောင်း တလုံးနဲ့ ရွာနားကို တလုံးကျကာ ဘုန်းတော်ကြီးတပါး အပါအဝင် အမျိုးသမီးတယောက် ဒဏ်ရာရရှိသွားတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတယောက်ကလည်း ပြောပါတယ်။
“ဘုန်းကြီးကျောင်းကို တလုံးကျတယ်၊ ကျောင်းတခြမ်း ပြိုသွားတယ်။ နောက်တလုံးက ရွာနားကို ကျတယ်။ အမျိုးသမီးတယောက် ဒဏ်ရာရတယ်။”
ဒဏ်ရာရသွားတဲ့ ပေါက်ပြင်ရွာက သက်တော် ၅၉ နှစ်အရွယ် ဆရာတော် ဦးပညာဝံသ နဲ့ အသက် ၁၇ နှစ်အရွယ် မအေးငြိမ်းသူတို့ ဖြစ်ပါတယ်။
တဆက်တည်း ရေတပ်ကပစ်လိုက်တဲ့ ကျန်တဲ့ကျည်တွေထဲက တလုံး ဇင်ချောင်းကုန်းဘွေရွာကို ကျရောက်ပြီး နေအိမ် ၂ လုံး ပျက်စီးကာ အိမ်မွေးဝက်တကောင် ကျည်စထိမှန်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်ဖြူမှာ အခုရက်ပိုင်း အာရက္ခတပ်တော်နဲ့ စစ်တပ်တို့ တိုက်ပွဲရှိနေပြီး စစ်တပ်ဘက်က အထိနာကာ ဒေသခံကျေးရွာတွေကို ရေတပ်က လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မူနဲ့ တိုက်ပွဲပတ်ဝန်းကျင်ကိုပါ ဂျက်တိုက်လေယာဉ်၊ Y12 တို့နဲ့ပါ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။










