DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်သံများကြောင့် ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး
DVB
·
November 15, 2019
ပစ်ခတ်သံများကြောင့် ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာသားများ ရွာလုံးကျွတ်ထွက်ပြေး
1 / 5
Donate to DVB

လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သြရမကျေးရွာသားတွေ ရွာလုံးကျွတ် ဆင်သည်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ ပုရွှီးပြင်းကျေးရွာက ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးလာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြရမကျေးရွာနေ ဦးမောင်မြင့်ရွှေက “ရွာနားမှာ ပစ်ခတ်သံတွေကြားရတယ်။ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ကြတယ်။ ပစ်ခတ်အပြီးမှာ စစ်သားတွေက ရွာထဲကို ဝင်လာတယ်။ ဝင်လာတဲ့အချိန်မှာလည်း ပစ်ခတ်မှုတွေလုပ်ပြီး ဝင်လာတယ်။ အဲ့ဒီမှာ ရွာသားတွေကတော့ အကုန်ထွက်ပြေးလာကြတယ်။ ထွက်ပြေးလို့မရတဲ့ အဘိုးအဘွားမိသားစု နှစ်စု၊ လူ ၆ ယောက်လောက် ရွာမှာကျန်နေခဲ့တယ်။ အခုအချိန်အထိ ရွာထဲမှာသူတို့ရှိနေတုန်းပဲ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ သြရမတောင်ထိပ်မှာ တပ်မတော်က စခန်းချနေထိုင်တာကြောင့် အဲ့ဒီအနား ကျေးရွာဒေသခံတွေက ရွာထဲကို မပြန်ရဲတော့ဘဲ ဆင်သည်ကျေးရွာက ဘုန်းတော်ကြီးကျောင်းနဲ့ ပိုးရွှီပြင်ကျေးရွာတို့မှာ ယာယီခိုလှုံနေကြတာလို့ ထွက်ပြေးလာကြတဲ့ သူတွေကပြောဆိုပါတယ်။

ဆင်သည်ကျေးရွာဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်က  “ကျောင်းရောက်ရှိနေ တာကတော့ အကုန်ဆိုရင် ၂၀၀ လောက်ရှိတယ်။ မနေ့ကရောက်တဲ့သူတွေရှိတယ်။ ဒီနေ့ရောက်တဲ့ သူတွေရှိတယ်။ အဲ့ဒီသြမရဘက်ကျေးရွာ တွေကပေါ့လေ။ အခြားရွာတွေကလည်းပါတယ်။ လေလောဆယ်မှာတော့ ဘုန်းဘုန်းမှာရှိတာလေးနဲ့ ရွာကဆန်ကောက်ခံပြီးတော့ စားဖို့ စီစဉ်နေရတယ်။ ဖြစ်သလိုစားသောက်နေရတာပေါ့။” လို့ မိန့်ပါတယ်။

တပ်မတော်စစ်ကြောင်းက ပြီးခဲ့တဲ့ ၁၂ ရက်နေ့က သြရမကျေးရွာအနားကို ရောက်ရှိလာတာ ဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်နေ့က အေအေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာသားတွေ ထွက်ပြေးလာကြတာပါ။

သြရမကျေးရွာကနေ ထွက်ပြေးလာတဲ့ ဒေါ်စိန်နုမက “ကျမကတော့ စိုးရိမ်တယ်။ ရွာမှာ နွားတွေ၊ ကျွဲတွေဒီအတိုင်းပစ်ထားခဲ့ရတယ်လေ။ ပြီးတော့ ကျမမှာဆိုင်ရောင်းတော့ စားကုန်တွေ အားလုံးဒီလိုပဲ တရွာထွက်ပြေးကြတော့ တံခါးတွေ၊ ဘာတွေ ဘာမှမပိတ်ဘဲ အသက်လုပြီ ထွက်ပြေးလာကြတာ။ ရွာမှာတော့ စစ်သားတွေ ၁၀၀ ကျော်လောက်ရှိတယ်။ ကျမတို့ရွာမှာ ကျန်နေခဲ့တာ။” လို့ ပြောပါတယ်။

သြရမကျေးရွာသားတွေ ပုဏ္ဏားကျွန်းမြို့နယ်က ပိုးရွှီပြင်ကျေးရွာကို ၃၀၀ နီးပါးလောက်ထွက်ပြေးလာကြပြီး သူတို့တွေကို ကူညီစောင့်ရှောက်ပေးထားတယ်လို့ ပိုးရွှီပြင်မဟာ မိတ်လူမှုကူညီရေးအသင်းက ဒီဗွီဘီကိုပြောပါတယ်။

အဲ့ဒီသြရမတောင်တန်းနားမှာ အေအေ စခန်းတခုရှိလို့ တိုက်ခိုက်မှုတွေပြုလုပ်တာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

“အဲ့ဒီဘက်မှာ အေအေ စခန်းတခုရှိတယ်။ အဲ့ဒီစခန်းကိုချနေတာ၊ တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ ရွာနဲ့တခြားစီးပဲ၊ အဲ့ဒီနားမှာ ရွာတွေဘာမှမရှိဘူး။ အဲ့ဒီလူတွေကလျှောက်ပြီး အော်နေတာ။ သူတို့ထွက်ပြေးချင်လို့ ထွက်ပြေးတာ၊ အဲ့ဒါသူတို့စွပ်စွဲတာ၊ အေအေကုန်တဲ့အထိ ကျနော်တို့ကတော့ ချမှာ။”

သြရမကျေးရွာမှာ အိမ်ခြေ ၃၀၀ လောက်ရှိပြီ အဲ့ဒီကျေးရွာအနားတွေကဖြစ်ကြတဲ့ ငုံပြင်ကျေးရွာ၊ ကြက်ချီးရွာ၊ ပါချေရွာ၊ ဂြိုတ်ချောင်း၊ ဆင်ကုန်းစတဲ့ကျေးရွာတွေက ထွက်ပြေး လာကြာတာတွေ ရှိတယ်လို့ ဆင်သည်ကျေးရွာက ကျောင်းထိုင်ဆရာတော်က မိန့်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013