DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေဆဲဟု KHRG ထုတ်ပြန်
DVB
·
November 15, 2019
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုးဖောက်မှု ရှိနေဆဲဟု KHRG ထုတ်ပြန်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံးက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ကို လက်မှတ်ထိုးပြီးနောက်ပိုင်း မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွေမှာ အပေါင်းလက္ခဏာဆောင်တဲ့  အပြောင်းအလဲ အချို့ဖြစ်ပေါ်စေခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှု တွေ ဆက်ရှိနေဆဲပဲလို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က ထုတ်ပြန်ပါတယ်။

‘လက်လှမ်းမမှီနိုင်သေးသော အမှန်တရားများ’ ဆိုတဲ့အစီရင်ခံစာတစောင်ကို ဒီကနေ့ ထုတ်ပြန်ဖော်ပြလိုက်တာပါ။

အတိတ်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဒေသခံတွေရဲ့ နေစဉ်ဘ၀ကို သက်ရောက်မှုတွေ ရှိနေဆဲဖြစ်သလို အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုအသစ်တွေ ရှိနေတယ်လို့ ဆိုပါပါတယ်။

ဒီလူ့အခွင့်အရေးချိုးဖောက်မှုအသစ်တွေဟာ ဒေသခံပြည်သူလူထုရဲ့ အကျိုးစီးပွားကိုပါ ထပ်လောင်းထိခိုက်မှုတွေ ရှိစေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ညွန်ကြားရေးမှူး နော်ထူးထူး က ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှုအသစ်ဆိုတာကတော့ မြေယာသိမ်းမှုကိစ္စပေါ့နော်။ မြေယာ မတရားသိမ်းတဲ့ကိစ္စတွေ တော်တော်များများဖြစ်တယ်ပေါ့။ ဒေသခံရွာသားတွေပြောပြတာက အရင် ပဋိပက္ခအချိန်တုန်းက လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာက တိုက်ပွဲဖြစ်ကြတယ်။ ရွာသားတွေ အသတ်ခံရတယ်။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ။ ဒါက ပဋိပက္ခဖြစ်တဲ့အချိန် ဖြစ်တဲ့ပြဿနာ ပေါ့နော်။ ဒီ ၂၀၁၂ နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုကျတော့ အခုနကိစ္စတွေက နည်းလာတယ်။ ဒါပေမယ့် မြေယာသိမ်းမှုကိစ္စတွေက များလာတယ်။ လမ်းဖောက်လုပ်တာတွေ၊ ရေတမံဆောက်တာတွေကြောင့် မြေယာပျက်စီးမှုတွေများတယ်။ ပြီးလို့ရှိရင် သယံဇာတ တူးဖော်တာတွေပေါ့နော်။ ကျောက်၊ သတ္တု၊ ရွှေတူးတာတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တော်တော်များတယ်ပေါ့နော်။ ”

ဒီလိုချိုးဖောက်မှုတွေကို ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ တပ်မတော်အပါအဝင်  လက်နက်ကိုင် အဖွဲ့အစည်းတွေက ချိုးဖောက်နေပြီး ဒေသခံတွေအနေနဲ့ တရားစီရင်မှုအပိုင်းမှာ တိုင်ကြားရင်လည်း တရားမျှတမှု မရရှိကြဘူးလို့လည်း ပြောပါတယ်။

“မြေယာသိမ်းဆည်းတဲ့ကိစ္စတွေရော၊ မြေယာသိမ်းဆည်းမှုမဟုတ်တဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေရော ရှိတယ်လေ။ အဲဒီမှာ ၂ ပိုင်းရေးထားတာက ၂၀၁၂ ပဏာမ အပစ်ခတ်ရပ်စဲရေး မတိုင်ခင် ချိုးဖောက်တဲ့ လူ့အခွင့်အရေးတောင်မှ တရားစီရင်ရေး၊ တရားမျှတမှု ကောင်းကောင်း မရကြဘူးပေါ့နော်။ နောက်ပြီး အခုနက ပြောင်းလဲလာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအသစ်တွေဆိုရင်လည်း မျှတတဲ့ တရားစီရင်မှုမရကြရုံမက ဘာအခက်အခဲရှိလဲဆိုရင် ချိုးဖောက်တဲ့လူတွေက လက်နက်ရှိတယ်၊ အာဏာရှိတယ်ဆိုတော့ သူတို့မတိုင်ရဲဘူး။ နောက်တခုက တရားစီရင်ရေးအပိုင်းမှာ လွတ်လပ်မှုမရှိဘူး။ ”

ဒါ့အပြင် မြေယာသိမ်းဆည်းခံရတဲ့ ဒေသခံတွေအနေနဲ့ တရားရင်ဆိုင်ရပြီဆိုရင် ရှေ့နေမငှားနိုင်တာ၊ တရားရုံး ကြန့်ကြာတာတွေကြောင့် တရားရုံး သွားလာစရိတ်မတတ်နိုင်တာ စတဲ့အခက်အခဲတွေကြောင့်လည်း အမှန်တရားအတွက် လက်လှမ်းမမီနိုင်တဲ့အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို လက်ရှိ ကေအန်ယူထိန်းချုပ်နယ်မြေအပြင် ကေအန်ယူနဲ့အစိုးရ ရောယှက် နေတဲ့ နေရာတွေက ဒေသခံ ၉၅ ဦးရဲ့ အမြင်သဘောထားကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။

အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်းမှာလည်း အစိုးရတပ်ဘက်က သူတို့ရဲ့တပ်တွေကို တိုးချဲ့ လာတာတွေအပြင် စခန်းဟောင်းတွေကို ပြုပြင်မွန်းမံတာတွေနဲ့ တပ်တွေတိုးချဲ့ပြီး လက်နက်ခဲယမ်း တွေ တိုးချဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေရဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အကြောင့် နှစ်ဖက်တပ်တွေအနေနဲ့ အန်စီအေ စာချုပ်ပါအချက်တွေကို လေးစားလိုက်နာဖို့၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး တရားလက်လွတ်သတ်ဖြတ်တာ၊ မြေယာသိမ်းဆည်းတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မျုတွေကို ရပ်တန့်ပေးဖို့၊ အရပ်သားတွေနေထိုင်တဲ့ ဒေသတွေမှာ စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေ ဖယ်ရှားပေးဖို့ အပါအ၀င် အချက် ၁၀ ချက်ကျော်ကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013