DVB Logo
Home
Lead Story
တက္ကသိုလ်ပညာ မြန်မာလိုသင်မလား၊ အင်္ဂလိပ်လိုသင်မလား
DVB
·
November 15, 2019
တက္ကသိုလ်ပညာ မြန်မာလိုသင်မလား၊ အင်္ဂလိပ်လိုသင်မလား
Donate to DVB

   မကြာမီက တက္ကသိုလ်မှာမြန်မာလိုသင်ကြားရေးအကြောင်း ဆွေးနွေးကြတာ ကိုဖတ်လိုက်ရတယ်။ ဒီလိုမျိုးဂယက်က အခုမှစတာမဟုတ်။ မြန်မာပညာရေးမှာ လောကမှာ အကြိမ်ကြိမ်အထပ်ထပ်ပြောဆိုဆွေးနွေးခဲ့ကြတာ။ ဒါကြောင့်လည်း တက္ကသိုလ်ဘာသာရပ်တွေကို အင်္ဂလိပ်လိုသင်လိုက်။ အသားမကျခင်မြန်မာလိုပြောင်းသင်လိုက်။ မြန်မာလို အသားမကျခင် အင်္ဂလိပ်လိုပြန်ပြောင်းလိုက်နဲ့။ ကလေးတွေဆီးဆော့ကစားနေသလိုပါပဲ။

သေချာလေ့လာကြည့်တော့ တက္ကသိုလ်မှာမြန်မာဘာသာနဲ့ သင်ကြားရေးလှုံ့ဆော်မှုက အခုမှစတာမဟုတ်။ ကိုလိုနီ ကာလကတည်းကစခဲ့တာ။ “ကင်းဘဲလ်အစီရင်ခံစာမှာ “တိုင်းရင်းဘာသာနှင့်သင်ကြားသောသင်ရိုးတွင်အင်္ဂလိပ် ဘာသာကို ဒုတိယဘာသာစကားအဖြစ် သင်ကြားရန်တောင်းဆိုသည်။ တပြည်လုံးကျယ်ကျယ်ပြန့်ပြန့် တောင်းဆို မှုဖြစ်လာသည်” လို့ဖော်ပြပါရှိခဲ့တယ်။ မြန်မာတို့တောင်းဆိုချက်ကို အစီရင်ခံစာတင်ခဲ့ဟန်ပါပဲ။

ကင်းဘဲလ်အစီရင်ခံစာတင်တဲ့ကာလကိုပြန်ကြည့်တော့ ၁၉၃၅ခုနှစ်ထဲမှာ။ အဲ့ဒီကာလက “တို့ဗမာအစည်းရုံး”ရဲ့ဩဇာလွှမ်းမိုးတဲ့ကာလပေါ့။ ဒီတော့လည်း “ဗမာစာသည်တို့စာ၊ ဗမာစကားသည်တို့စကား”ဆိုတဲ့ကြွေး ကြော်သံကလည်း တပြည်လုံးလွှမ်းခဲ့ပေသကိုး။ ဒါကြောင့် ကင်းဘဲလ် အစီရင်ခံစာမှာ အင်္ဂလိပ်ဘာသာကို ဒုတိယဘာ သာစကားအဖြစ်ထားဖို့တောင်းဆိုကြောင်း ဖော်ပြခဲ့တာ။

၁၉၃၆ ထဲရောက်တော့ “ရန်ကုန်တက္ကသိုလ်အက်ဥပဒေစုံစမ်းရေးကော်မတီ”ဖွဲ့ပြီး ပညာရေး အက်ဥပဒေကိုလေ့ လာတင်သွင်းခဲ့ကြတယ်။ သူတို့ကလည်း တက္ကသိုလ်မှာမြန်မာလိုသင်ကြားရေးကို ပညာရှင်တွေဆုံးဖြတ်သင့်တယ်။ ပါမောက္ခတွေဆုံးဖြတ်သင့်တယ်လို့ပဲ အကြံပြုခဲ့တာ။ ဒီလိုပဲ ၁၀ နှစ်ကြာတော့ တက္ကသိုလ်ဖွဲ့စည်းရေးကော်မတီကလည်း တက္ကသိုလ်ဘာသာရပ်တွေကို မြန်မာလိုသင်ကြားပြီး အင်္ဂလိပ်စာကို မယူမနေရဘာသာရပ်အဖြစ် ပြဋ္ဌာန်းသင့်ကြောင်း အကြံပြုခဲ့ဖူးရဲ့။  

လွတ်လပ်ရေးရပြီးတော့ ဦးနုက တက္ကသိုလ်ပညာရပ်တွေကိုမြန်မာလိုသင်ရင် အဆင်သင့်ဖြစ်ဖို့ ဘာသာပြန်အသင်းနဲ့(စာပေဗိမာန်)ကိုထူထောင်ပြီး၊ စာပေဗိမာန်အဖွဲ့မှာ သုခမိန်အဖွဲ့ကိုဖွဲ့စည်းပြီး သိပ္ပံပညာရပ်တွေကို ပြန်ဆို တာတွေလုပ်ခဲ့တယ်။

၁၉၅၇မှာတော့ ပညာရေးလေးနှစ်စီမံကိန်းအဖွဲ့ဖွဲ့ပြီး  တက္ကသိုလ်မှာ မြန်မာလိုသင်ကြားရေး ကို လုပ်ဖို့ကြိုးစားခဲ့သေးတယ်။  အဲ့လိုသင်ဖို့အတွက် ဦးနုဟာ နိုင်ငံ ၉ နိုင်ငံက ပညာရေးပါရဂူ ၁၃ ဦးကို  ဖိတ်ပြီး ဆွေးနွေးပွဲတွေကျင်းပ အကြံဉာဏ်ယူခဲ့တယ်။ နောက်တော့ နိုင်ငံရေးအခြေအနေအရ  အိမ်စောင့် အစိုးရ တက်လာပြီး လေးနှစ်စီမံကိန်းလည်းရပ်ဆိုင်သွားခဲ့တယ်။  

၁၉၆၁-၆၅ဆိုပြီး ပညာရေးလေးနှစ်စီမံကိန်းထပ်မံရေးဆွဲခဲ့ပေမယ့် အကောင်ထည်မ‌ပေါ်မီ စစ်တပ်ကအာဏာသိမ်းတော့ စီမံကိန်းလည်း နောက်တကြိမ်ထပ်မံပျက်စီးခဲ့ပြန်တယ်။ ၁၉၆၄ခုနှစ် တော်လှန်ရေးကောင်စီက တက္ကသိုလ်ပညာရေးဥပဒေသစ်ပြဋ္ဌာန်းခဲ့ပြန်ပါတယ်။ ၁၉၆၅ မှာတော့ တက္ကသိုလ်များပညာသင်ကြားရေးမှာ ကြားခံအဖြစ်  မြန်မာဘာသာကိုပြောင်းလဲကြဖို့ အမိန့်စာထွက်လာတယ်။ တိုင်းသိပြည်သိကြေညာလိုက်တာက ၁၉၆၆ ဒေါက်တာညီညီရဲ့ “တက္ကသိုလ်ပညာ မြန်မာလိုသင်မည်”ဆိုတဲ့ကြွေးကြော်သံနဲ့ “မြန်မာပညာပဒေသာ စာစောင်” ထွက် ပေါ်လာခြင်းပါပဲ။

အဲ့ဒီကြေညာချက်တွေအတူ မြန်မာလိုမကျွမ်းကျင်တဲ့ နိုင်ငံခြားပညာရှင်တွေဟာ ရန်ကုန်တက္ကသိုလ်ကနေ ထွက်ခွာသွားကြရပါတော့တယ်။ တချို့ဆရာမကြီးတွေဆိုရင် ရန်ကုန်တက္ကသိုလ်မခွဲချင် မထွက်ချင်ကြလို့ မျက် ရည်စက်လက်နဲ့ ထွက်ခွာသွားခဲ့ကြတယ်လို့ဆိုပါတယ်။

ကမ္ဘာ့ပညာရှင်တွေလေးစားရတဲ့ပါမောက္ခဆရာကြီးတွေအ များအပြားပါတယ်လို့ဆိုပါတယ်။ ဥပမာအနေနဲ့ဆိုရင် ဒဿနိဗေဒက မစ္စတာကား တို့လည်းပါတာပေါ့။ ကိုလိုနီ ခေတ်ကတည်း ပါလာခဲ့ကြတဲ့ ပညာရှင်တို့ရဲ့ “ဦးနှောက်ယိုစီးမှု”ဟာ ဒီကစခဲ့တာပါ။

လွတ်လပ်ပြီးတက္ကသိုလ်မှာ လောဂျစ်၊ ပါဠိ၊ သမိုင်းနဲ့ဘောဂဗေဒတို့ကို ဥပစာတန်းမှာ အင်္ဂလိပ်လိုရောမြန်မာလိုပါ နှစ်မျိုးခွဲသင်တဲ့အစီအစဉ်ရှိခဲ့ဖူးတယ်။ ကျောင်းသား ကျောင်းသူတွေ ကြိုက်နှစ်သက်ရာ ဆန္ဒရှိရာအတန်းရွေးတက်ပေါ့။ ဒီအစီအစဉ်ကလည်း ကြာရှည်ခံခဲ့ဟန်မရှိပါဘူး။ ၁၉၇၃မှာတော့ မဆလအစိုးရတဖြစ်လည်း  ဗိုလ်နေဝင်းစစ်အစိုးရက မြန်မာ နိုင်ငံတက္ကသိုလ်ပညာရေးဥပဒေသစ်ကို ထပ်မံပြဋ္ဌာန်းပြန်ပါတယ်။ ဒီမှာတော့ မြန်မာလိုသင်ရုံမက နိုင်ငံရေးလူမှုရေး စီးပွားရေးစနစ်နဲ့ကိုက်ညီတဲ့ ပညာရပ်တွေသာသင်ရမယ်ဆိုလို့ တချို့ဘာသာရပ်တွေ သင်ကြားမှုမရှိတော့ဘူး။

ဒီလိုနဲ့ တက္ကသိုလ်ပညာရပ်တွေ မြန်မာလိုသင်ကြားခဲ့တာ အသားမကျမီမှာပဲ ၁၉၈၂ထဲရောက်တော့ တက္က သိုလ်ပညာရပ်တွေကို အင်္ဂလိပ်လိုသင်ဖို့ ကြေညာချက်ထပ်လို့ထွက်လာပြန်ပါတယ်။

ဒီအချိန်မှာတော့ တချို့သော ဆရာဆရာမတွေဟာ မြန်မာလိုသင်ကြားမှုနဲ့ ဘွဲ့ရခဲ့ကြတာ။ အင်္ဂလိပ်လိုကျွမ်းကျင်မှုအရမ်းနည်းနေပါပြီ။ တခု ပြောင်းလို့အသားမကျမီမှာ ခေတ်အဆက်ဆက်ရဲ့ သစ်ပြီးရင်သစ်ခဲ့တဲ့ ပညာရေးရဲ့ဇာတ်ရေမလည်မှုဟာလည်း မြန်မာ့ပညာရေးနိမ့်ကျတဲ့အဆင့်ကိုရ ရောက်သွားခဲ့ရပါတော့တယ်။ ပညာရေးသာမက မြန်မာတွေရဲ့ အင်္ဂလိပ်စာတတ်ကျွမ်းမှုအဆင့်အတန်းဟာလည်း များစွာနိမ့်ကျသွားခဲ့ရပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၀၀ နိုင်ငံအနက် အဆင့်  ၈၆ မှာရပ်တည်နေပြီး အာရှနိုင်ငံ ၂၅ နိုင်ငံထဲမှာတော့ အဆင့် ၁၉ နေရာမှာ ရှိနေပါတယ်။

အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ အင်္ဂလိပ်စာတတ်မြောက်မှု အခြေအနေကို  နှစ်စဉ်လေ့လာ စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေတဲ့ Education First (EF) နိုင်ငံတကာ ပညာရေး သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ 2019 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။

အညွှန်းကိန်းမှာ အဆင့်ကျခြင်းမကျခြင်းဟာ  အဓိကမကျပေမယ့် စဉ်းစားရမယ့်အခြေနေတခုဖြစ်နေတာတော့ မငြင်းသာခဲ့ပါဘူး။ တချို့သောပညာရှိတွေကတော့ မြန်မာဘာသာနဲ့ သင်ရတာက ပညာရပ်ကို ပိုတတ်သိနား လည် တယ်လို့ဆိုပါတယ်။

ပညာရှင်တချို့ကတော့  ဂျပန်နိုင်ငံမှာ တက္ကသိုလ်ပညာရပ်ကို ဂျပန်ဘာသာနဲ့သင်ပေမယ့် ပညာရေးအဆင့်အ တန်းမနိမ့်ကျကြောင်းထောက်ပြပြီး မြန်မာလိုသင်သင့်ကြောင်း အကြံပြုပြောဆိုကြတာလည်းရှိပါတယ်။

တက္ကသိုလ်ပညာရပ်ကို မြန်မာလိုသင်မလား၊ အင်္ဂလိပ်လိုသင်မလားဆိုတာကို တိတိကျကျအဆုံးအဖြတ်ပေးပြီး သတ် မှတ်ချက်အတိုင်း တစိုက်မတ်မတ် သင်ကြာနိုင်ဖို့တော့လိုမှာပါ။ အရင်ကလို အသားမကျသေးခင် ပြန်လည် ပြောင်းလဲ ပြင်ဆင်တာမျိုး ဆက်မဖြစ်ဖို့တော့လိုမှာပါ။ ဘွဲ့တခုဟာ ကိန်းဂဏန်းတခုမျှသာဖြစ်သေးသရွေ့တော့ ဘွဲ့နဲ့ပညာရပ် ဟာ တထပ်တည်းမကျနိုင်သးပါဘူး။

ဘွဲ့နဲ့ပညာတထပ်တည်းကျပြီး နိုင်ငံတကာအဆင့်မီဖို့ဆိုရင် ခေတ်နဲ့အညီအလျင်အမြန် ပြောင်းလဲနေတဲ့ တက္ကသိုလ်ပညာရပ်တွေကို မြန်မာလိုသင်ရုံနဲ့လုံ လောက်မလား။ မြန်မာတက္ကသိုလ်တွေရဲ့ ဘွဲ့လက်မှတ်အပေါ်မှာ နိုင်ငံတကာ သိမှတ်ပြုကိုလက်ခံနိုင်ဖို့ဆိုရင် တက္ကသိုလ်ပညာရပ်တွေကို မြန်မာလိုသင်ခြင်းဖြင့် ရနိုင်မလားဆိုတာကတော့ စဉ်းစားစရာပါ။

လက်ရှိ ပညာရေးစနစ်အတိုင်းသွားနေလို့ကတော့ မြန်မာတက္ကသိုလ်တွေကနေ နိုင်ငံတကာက လေးစားရတဲ့ အရည်အသွေးမှီ ပညာရှင်တွေ မွေးထုတ်ပေးနိုင်ပါ့မလားဆိုတဲ့ သံသယကတော့ရှိနေကြောင်းပါခင်ဗျာ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013