
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ ရေကြီးရေလျှံမှု အဆိုးဆုံးဖြစ်နေတဲ့ ဧရာဝတီတိုင်းကို ရောက်နေပေမဲ့ အမှန်တကယ် ရေလွှမ်းမိုးတဲ့ဒဏ် ခံစားနေရတဲ့ လေးမျက်နှာမြို့နယ်ကို မသွားရဲလို့ ခရီးစဉ်ဖျက်ခဲ့ရတယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ဟာ သြဂုတ် ၈ ရက်က ဧရာဝတီတိုင်းကို ရောက်လာပြီး ရေကြီးရေလျှံနေတဲ့ မြေပြင်အခြေအနေကို စစ်ဆေးဖို့စီစဉ်ခဲ့ပေမဲ့ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးနဲ့ စက်စက်ယိုဒေသတို့မှာ တိုက်ပွဲတွေဖြစ်နေပြီး တော်လှန်ရေးတပ်တွေ ရှိနေတာကြောင့် အဆိုးဆုံးရေဘေးဒုက္ခကြုံနေရတဲ့ လေးမျက်နှာမြို့နယ်ကို လုံးဝမသွားဘဲ ခရီးစဉ်ဖျက်ခဲ့ရတာလို့ ဆိုပါတယ်။
စစ်အာဏာရှင်ရဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတယောက်က “ကနဦး စီစဉ်ထားတာက လေးမျက်နှာမြို့နယ်ကို လာပြီး ရေဘေးဒုက္ခသည်တွေနဲ့ တွေ့မယ်။ အားပေးမယ်။ အခြေအနေတွေကို လိုက်ကြည့်မယ်ပေါ့။ ပြီးတော့မှ ပုသိမ်က အခမ်းအနားကို တက်မယ်လုပ်ထားတာ။ အစီအစဉ်တွေအားလုံး ရုတ်တရက် ဖျက်လိုက်ရတာ ဟုတ်တယ်။ လုံခြုံရေးကြောင့်” လို့ ပြောပါတယ်။
စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ဟာ လေးမျက်နှာမြို့နယ်ကို လာရောက်ကြောင်းပြချင်ပေမဲ့ နည်းနည်းပဲ ရေကြီးနေတဲ့ ကျုံပျော်၊ ဟင်္သာတနဲ့ ရေမကြီးတဲ့ ကန်ကြီးထောင့်၊ ကျောင်းကုန်းနဲ့ ကြံခင်းမြို့နယ်တို့ကိုတောင် မြေပြင်မဆင်းဘဲ ရဟတ်ယာဉ်နဲ့ လိုက်ကြည့်ခဲ့တာလို့ သိရပါတယ်။
စစ်အာဏာရှင် သမ္မတမင်းအောင်လှိုင်ရဲ့ ဧရာဝတီတိုင်း ခရီးစဉ်မှာ တပ်ချုပ်တာဝန်လွှဲယူထားတဲ့ ရဲဝင်းဦးနဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးလည်း ပါလာပြီး သူတို့ထဲက တယောက်မှ ရေလွှမ်းမိုးတဲ့ဒဏ် အဆိုးဆုံးခံနေရတဲ့ လေးမျက်နှာမြို့နယ်ကို ရောက်မလာခဲ့ကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးတို့ဟာ လေးမျက်နှာမြို့နယ်ကိုသွားဖို့ ခရီးစဉ်ဖျက်ခဲ့ပေမဲ့ ပုသိမ်မြို့တော်ခန်းမထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ပြီး အလှူငွေတွေ လက်ခံယူခဲ့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်က ရေလွှမ်းမိုးမှုဖြစ်စဉ်ဟာ သာမန် နှစ်စဉ်ရေကြီးမှုဖြစ်စဉ်မျိုး မဟုတ်ဘဲ ငဝန်မြစ်ကို ကာထားတဲ့ ရေကာတာ ကျိုးပေါက်တာဖြစ်ပြီး အိုင်သပြုဘက်မှာ လတ်တလော ရေနည်းနည်းကျလာပေမဲ့ နှစ်စဉ် ရေကြီးတဲ့အခြေအနေလောက်အထိ ရှိနေသေးတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုပါတယ်။
ရေလွှမ်းမိုးတဲ့ဒဏ်ခံနေရတဲ့ လေးမျက်နှာမြို့နယ်ဟာ ဧရာဝတီတိုင်းထဲမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲအပြင်းအထန်ဖြစ်နေတဲ့ မြို့နယ်တခု ဖြစ်ပါတယ်။










