အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မိ၊ ၁၆ ဦး ဒဏ်ရာရ
DVB
·
November 14, 2019
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၄/၁)နှင့် (၁၉၄/၂) ကြားမှာ ခရီးသည်တင်ယာဉ် ၂ စီး တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ မင်းသစ္စာခရီးသည်တင်ယာဉ်က ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်ရဲ့ အနောက်ပိုင်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကို ပလွေးအမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီး၊ Polan Heavy Towing Rescueယာဉ် ၁ စီး၊ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်တွေ၊ ပလွေးအမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည် ၃ ဦး၊ မင်းသစ္စာခရီးသည်တင်ယာဉ်ပေါ်ပါ ၁၃ ဦး ဒဏ်ရာရခဲ့တာဖြစ်ပြီး ပလွေးအမြန်လမ်းမကြီးရဲတပ်ဖွဲ့ပိုင်ယာဉ်၊ ပလွေးအမြန်လမ်းကြက်ခြေနီတပ်ဖွဲ့ပိုင်ယာဉ်တို့နဲ့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာအခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။