DVB Logo
Home
မြန်မာသတင်း
မြေပုံမြို့နယ် ယောချောင်းဒေသက ရွာသား ၅၀၀ ခန့်မြို့ပေါ်ကို ထွက်ပြေးလာ
DVB
·
November 14, 2019
မြေပုံမြို့နယ် ယောချောင်းဒေသက ရွာသား ၅၀၀ ခန့်မြို့ပေါ်ကို ထွက်ပြေးလာ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ယောချောင်းဒေသ ကျေးရွာ ၄ ရွာက ဒေသခံ ၅၀၀ လောက်ဟာ  နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက မြေပုံမြို့ပေါ်ကို ထွက်ပြေးလာပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။

မြေပုံမြို့နယ် ယောချောင်းဒေသက ရွာသာယာကျေးရွာကို တပ်မတော်စစ်ကြောင်းက နိုဝင်ဘာ ၉ ရက်က ဝင်ရောက်စစ်ဆေးပြီး မသင်္ကာတဲ့ ရွာသားတွေကို ဖမ်းဆီးရိုက်နှက်မှုတွေရှိခဲ့လို့ ထွက်ပြေးလာတာလို့ ကျေးရွာသားတွေကပြောပါတယ်။

ရွာသာယာကျေးရွာက ထွက်ပြေးလာတဲ့ ဦးမောင်စိန်မြက “ရွာမှာက စစ်တပ်က တအိမ်ဝင် တအိမ်ထွက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်တယ်။ လူနာမည်တွေ၊ ဧည့်စာရင်းတွေစစ်ဆေးတယ်။ သူတို့ မသင်္ကာတဲ့လူတွေကို ဖမ်းတယ်။ ပထမဖမ်းတာက တယောက်ဖမ်းတယ်။ ဖမ်းဆီးထားတဲ့ သူတွေကို ထုထောင်းရိုက်နှက်ပြီးမေးတယ်။ ပြီးတော့ လူမှားတယ်ဆိုပြီးတော့ သူကိုပြန်လွှတ် လိုက်တယ်။ ပြီးတော့ နောက်ထပ် ငါးယောက် ဖမ်းလိုက်တယ်။ အဲ့ဒီလူတွေကိုတော့ အခုအချိန်အထိ ပြန်မလွှတ်သေးဘူး။”လို့ ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းက တပ်မတော်စစ်ကြောင်း ရွာသာယာအနားမရှိတာကြောင့် ကျေးရွာသား တွေအားလုံးက စက်လှေကိုယ်စီနဲ့ ကျေးရွာ အသီးသီးကနေ မြေပုံမြို့ဘက်ကို ထွက်ပြေးလာကြတာ ဖြစ်တယ်လို့ ထွက်ပြးလာကြတဲ့ကျေးရွာသားတွေက ပြောပါတယ်။

ဒီလိုစစ်ဆေးမှုတွေလုပ်လာတာကြောင့် အပြင်ထွက်ပြီး အလုပ်တွေမလုပ်ရဘဲ စားဝတ်နေရေးတွေခက်ခဲလာလို့ အခုလိုထွက်ပြေးကြတာလို့ထွက်ပြေးလာတဲ့ ရွာသာယာကျေးရွာ က အမျိုးတဦးဖြစ်တဲ့ ဒေါ်ယီယီနုက ပြောပါတယ်။

“ရွာကို စစ်သားတွေက ဝိုင်းထားကြတယ်။ စစ်ဆေးမှုတွေလုပ်တယ်။ သူတို့ရှိနေတော့ အပြင်တွေဘာတွေထွက်ပြီးတော့ လုပ်စားလို့ လည်းမရဘူး။ တော၊ တောင်တွေသွားပြီးတော့ လုပ်စားလို့ မရတော့လူတွေက ငတ်ဖို့ ကျန်တော့တယ်။ ပြီးခဲ့ရက်တွေကလည်း တပ်မတော်က လေယာဉ်ပစ်ခတ်တာတွေရှိတယ်။ အဲ့ဒါကြောင့် ဒီလိုအခြေအနေ လောလောဆယ် စစ်တပ်က ရွာရဲ့အောက်ဘက်ကို ရောက်နေတဲ့အချိန်မှာ အကုန်ထွက်ပြေးလာကြတာပါ။”

ရွာသာယာကျေးရွာ ကျေးရွာသားတွေကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ရရှိထားတဲ့သတင်းအရ စစ်ဆေးမှုတွေ လုပ်တာဖြစ်ပြီး ဖမ်းဆီးထားတာ မရှိဘူးလို့ ဆိုပါတယ်။

“ဖမ်းဆီးထားတာ မရှိပါဘူး။ သူတို့က ကိုယ်ဟာကိုယ်ထွက်ပြေးလာတယ်ဆိုတာတော့ မသိဘူး။ ကျနော်တို့ကတော့ ရရှိထားတဲ့ သတင်းတွေအပေါ်မှာမှုတည်ပြီးတော့ အေအေနဲ့ဆက်စပ်မှု ရှိမရှိဒါပဲစစ်တာ၊ ရိုက်နှက်တာတွေ မရှိပါဘူး။ တပ်မတော်ကလိုအပ်လို့ စစ်ဆေးမှုတွေ လုပ်တာပဲ ရှိတယ်။အဲ့ဒါကို ရွာသားတွေရိုက်နှက်တာတွေရှိလားဆိုတော့ အေအေ လုပ်တာတော့မပြောဘူး။”

တပ်မတော်က စစ်ဆေးမေးမြန်းပြီးနောက် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေကတော့ ဦးတင်မောင်ညွန့်၊ ဦးမောင်သန်းမြင့်၊ ဦးခင်မောင်သိန်းနဲ့ ဦးတင်မြင့် ဦးမောင်တင်မြင့် တို့ဖြစ်ကြတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ရိုက်နှက်ခံရပြီးပြန်လွှတ်ပေးလိုက်တဲ့ ဦးမောင်သန်းမြင့်ရဲ့ ဦးခေါင်းနဲ့ကိုယ်ခန္ဓာတွေမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ မိသားစုတွေကပြောဆိုပါတယ်။

မြေပုံမြို့နယ်က ကျေးရွာလေးရွာကနေ ထွက်ပြေးလာတဲ့ ကျေးရွာသား ၅၀၀ နီးပါးဟာ မြေပုံတောင်ကျောင်းနဲ့ ရွာကျောင်းတွေမှာ ခိုလှုံဖို့ထွက်ပြေးလာကြတာဖြစ်တယ်လို့ မြေပုံတောင် ကျောင်းက စခန်းတာဝန်ခံ ကိုသန်းဝင်းက ပြောပါတယ်။

"အကုန်လုံးကတော့ ကျေးရွာလေးရွာကထွက်ပြေးလာကြတာ၊ ယောချောင်း၊ ယောဆနွမ်း၊ ဒင်္ဂါရ၊ ရွာသာယာကျေးရွာတွေကပဲ၊ အကုန်လေးရွာကနေထွက်ပြေးလာကြတာ။ ကျနော်တို့ စခန်းမှာ တော့ ၃၀၀ ကျော်တယ်။ ပြီးတော့ ကျနော်နဲ့ မနီးမဝေးမှာရှိတဲ့ ရွာကျောင်းဘုန်းတော်ကျောင်း မှာလည်း ၂၀၀ နီးပါးလောက်ရောက်ရှိနေကြတယ်။"

ထွက်ပြေးတိမ်းရှောင်လာတဲ့ ရွာသားတွေကို မြေပုံတောင်ကျောင်းက ဒုက္ခသည်စခန်း ကော်မတီက ရှိတာလေးနဲ့ ကျွေးမွေးနေရပြီး လူဦးရေများလာပါက  စားနပ်ရိက္ခာတွေ အခက်အခဲ ရှိနိုင်တယ်လို့ လည်း စခန်းတာဝန်ခံက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013