DVB Logo
Home
မြန်မာသတင်း
အစိုးရထုတ်ဓာတ်မြေဩဇာ တောင်သူထံ တိုက်ရိုက်ဖြန့်မည်
DVB
·
January 23, 2013
အစိုးရထုတ်ဓာတ်မြေဩဇာ တောင်သူထံ တိုက်ရိုက်ဖြန့်မည်
1 / 2
Donate to DVB

အစိုးရထုတ် ယူရီးယားဓာတ်မြေဩဇာတွေကို သက်ဆိုင်ရာမြို့နယ်များကတဆင့် တောင်သူတွေထံ တိုက်ရိုက် ဖြန့်ဖြူးရောင်းချသွားမယ်လို့  သက်ဆိုင်ရာက ဒီနေ့ တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ငင်းပေးစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး ဈေးသက်သာတဲ့ အစိုးရထုတ် ဓာတ်မြေဩဇာတွေကို အမှန်သုံးစွဲတဲ့ တောင်သူတွေထံ ကြားခံအဆင့် အနည်းဆုံးနဲ့ ရောက်ရှိစေမယ့် နည်းလမ်းအဖြစ် တိုက်ရိုက် ဖြန့်ဖြူးတဲ့စနစ် ပြောင်းလဲလုပ်ဆောင်တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရင်တုန်းက အစိုးရထုတ် ဓာတ်မြေဩဇာတွေကို အကြွေးစနစ်နဲ့ ရောင်းချခဲ့ပြီး ကြွေးကျန်တွေ အခုထိ ရှိနေတာကြောင့် အခုလို လက်ငင်းရောင်းဖို့ လုပ်ရတာလို့ ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး  စွမ်းအင်ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဌေးအောင်က ခုလို ပြောပါတယ်။

“ပြည်နယ်နဲ့တိုင်းအစိုးရအဖွဲ့တွေကို တောင်းလိုက်မယ်။ ဒီမြို့နယ်က ဘယ်လောက်လိုမလဲ အဲတိုင်းဖြန့်ပေးမှာပဲ။ သဘောက ခင်များလက်အောက်က section တခုက ဘယ်လောက်လိုတယ်ပေါ့။ ဟုတ်ပြီ ဒါဆိုရင် လိုအပ်ချက်ပေးထား၊ အဲ့ section ကို တိုက်ရိုက် ကျနော်တို့သွားပေးမယ်။ ကျနော်တို့ ထုတ်လုပ်နိုင်တဲ့အပေါ် မူတည်ပြီး အချိုးကျ ပေးသွားမယ်။ အကုန်လုံး အလုံးစုံတော့ မထုတ်ပေးနိုင်သေးဘူး။”

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက  အစိုးရရဲ့ဆောင်ရွက်ချက်ကို ကြိုဆိုပေမယ့် ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရာမှာ တောင်သူလက်ထဲ အချိန်မီ ရောက်ဖို့လိုတယ်လို့  ပြောပါတယ်။

“တကယ် အချိန်မီရောက်ဖို့လိုတယ်။ ကြားခံအနေနဲ့ ဒါတွေပျောက်အောင် သွားဖို့လိုတယ်။ ဥပမာ ကြားမှာ ဒါကိုအလွဲသုံးစားလုပ်ပြီး တောင်သူကို မထုတ်ပေးဘဲ ကြားကနေထုတ်ယူပြီး အပြင်မှာပေါက်ဈေးနဲ့ထုတ်ရောင်းတာတွေ ဖြစ်လာနိုင်တော့ သက်ဆိုင်ရာ ဒေသဆိုင်ရာအစိုးရက စောင့်ကြည့်ဖို့လိုတယ်။”

ပြည်တွင်းမှာ ဓာတ်မြေဩဇာ သုံးစွဲမှု ပမာဏ တန်ချိန် ၆ သိန်းလောက်ရှိပြီး၊ အစိုးရပိုင်စက်ရုံတွေက တန်ချိန် ၂ သိန်း လောက်ပဲ ထုတ်ပေးနိုင်တာပါ။ သက်ဆိုင်ရာရဲ့ ကြေညာချက်အရ ဇန်န၀ါရီလ ၂၁ ရက်အထိ တိုင်းဒေသကြီး ပြည်နယ်အသီးသီးကို ဓာတ်မြေဩဇာ တန်ချိန် ၁ သိန်း ၆ သောင်းကျော် ဖြန့်ဖြူးရောင်းချပြီးပြီလို့ သိရပါတယ်။

အရင် န၀တ၊ နအဖ စစ်အစိုးရခေတ်တလျှောက်လုံး  အစိုးရထုတ် ဓာတ်မြေဩဇာတွေကို အကြွေးစနစ်နဲ့ ရောင်းချပေးခဲ့ရာမှာ အခုအချိန်ထိ ငွေကျပ်ဘီလီယံနဲ့ချီ ပြန်မရဘဲ ကျန်ရှိနေသေးတယ်လို့ အမည်မဖော်လိုတဲ့ စွမ်းအင် ၀န်ထမ်းတဦးက ပြောပါတယ်။

အရင် ပြည်နယ်တိုင်းအုပ်ချုပ်ရေးအဖွဲ့တွေက ငွေလက်ငင်းပေးနိုင်တဲ့ ကုန်သည်ပွဲစားတွေကို ဓာတ်မြေဩဇာ ၀ယ်ယူဖို့ ခွင့်ပြုခဲ့ပြီး၊ ကုန်သည်ပွဲစားတွေက တဆင့် တောင်သူတွေထံ ဈေးတင်ရောင်းချတာတွေ ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အစိုးရထုတ် ဓာတ်မြေဩဇာ တအိတ်ဈေးနဲ့ ပြင်ပဓာတ်မြေဩဇာ တအိတ်ဈေးက  ငွေကျပ် ၅၀၀၀-၆၀၀၀ လောက် ကွာပါတယ်။

အစိုးရထုတ် ဓာတ်မြေဩဇာ တအိတ်ဈေး ကျပ် ၁၄၄၀၀ ရှိနေချိန်မှာ တရုတ် ဓာတ်မြေဩဇာ တအိတ်ကို ၁၉၈၀၀ ကျပ်နဲ့ အင်ဒိုနီးရှား ဓာတ်မြေဩဇာ တအိတ် ၁၈၆၀၀ ကျပ် ပေါက်ဈေး ရှိကြောင်း ဒီနေ့ သက်ဆိုင်ရာက ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013