သန်းချီသော ပြည်ပရောက် ဆန္ဒမဲများ မဆုံးရှုံးဖို့ လိုပြီ
DVB
·
November 13, 2019

မိမိတို့တွေရဲ့ အိမ်နီးချင်း ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်မှာ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်ပြီး မိသားစုစီးပွားရေးအတွက် အဓိကထောက်ပံ့ပေးနေသူတွေကို သတိပြုမိကြပါသလား။
နိုင်ငံရဲ့ အလုပ်အကိုင်ရှားပါးမှု၊ ဝင်ငွေနည်းပါးမှု၊ စီးပွားရေးနိမ့်ဆင်းနေမှုတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း နိုင်ငံတွေအပြင် တခြားသော ပြည်ပနိုင်ငံပေါင်းများစွာအထိ သွားရောက် အလုပ်လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။
၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်းအရ အိမ်နီးချင်း ထိုင်းနိုင်ငံကအစ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ ကိုးရီးယားနဲ့ အမေရိကန်နိုင်ငံအဆုံး ပြည်ပနိုင်ငံပေါင်းများစွာမှာ ရောက်ရှိနေတဲ့ အသက် ၁၇နှစ်အထက် ပြည်သူပေါင်း နှစ်သန်းနီးပါး ရှိပါတယ်။
ဒါပေမယ့် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ ဆန္ဒမဲအရေအတွက်ကတော့ သုံးသောင်းကျော်သာ ရရှိခဲ့ပါတယ်။
ပြည်ပနိုင်ငံအလိုက် ရောက်ရှိနေပြီး ၂၀၁၅ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့ အသက်အရွယ်မှာ ရှိနေတဲ့ မြန်မာပြည်သူအရေအတွက်ကို နှိုင်းယှဉ်ကြည့်ရင် အိမ်နီးချင်း ထိုင်းနိုင်ငံဟာ တစ် ဒသမ နှစ်သန်းကျော်ဖြင့် အများဆုံးရှိနေပါတယ်။
သို့ပေမယ့် ထိုင်းနိုင်ငံရောက် မြန်မာပြည်သူတွေဆီက ဆန္ဒမဲကတော့ ၆၀၂ မဲသာ ရရှိခဲ့တာကို ကြည့်ရင် ထိုင်းတစ်နိုင်ငံတည်းတင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေရဲ့ ဆန္ဒမဲပေါင်း သန်းနဲ့ချီကာ ဆုံးရှုံးခဲ့တာကို သတိပြုသင့်ပါတယ်။
လက်ရှိ အစိုးရထုတ်ပြန်တဲ့ စာရင်းများအရ နိုင်ငံလူဦးရေရဲ့ ဆယ်ရာခိုင်နှုန်းဟာ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသူများ ဖြစ်ပြီး အဲဒီထဲမှာမှ ထိုင်းနိုင်ငံကို အများဆုံးရောက်ရှိနေတာ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာပြည်သူတွေရဲ့ ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ရရှိမှုကို ကြည့်ရင် မြန်မာသံရုံးများနဲ့ ကောင်စစ်ဝန်ရုံးတွေက တစ်ဆင့် ရရှိတာကို တွေ့ရှိရပါတယ်။ မဲဆန္ဒရှင်တွေအတွက် ဆန္ဒမဲပေးနိုင်ရေးအတွက် အလုပ်မှ ခွင့်ပြုချက်အပြင် သွားရေးလာရေး အခက်အခဲများ ရှိနေသလို သံရုံးတွေနဲ့ ချိတ်ဆက်နိုင်မှုအပိုင်းမှာပါ အခက်အခဲများရှိနေတယ်လို့ ဆိုကြပါတယ်။
ဒါကြောင့်မို့လို့ ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပဖို့ရှိနေတဲ့ အထွေထွေရွေးကောက်ပွဲကြီးမှာ ပြည်ပရောက်ဆန္ဒမဲများ ဆုံးရှုံးမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။
နှင်းကို - ရေးသည်။