DVB Logo
Home
အာရှဒေသ
နီပေါ မော်ဝါဒီသူပုန်တွေရဲ့ ဘ၀တဆစ်ချိုး
DVB
·
January 23, 2013
နီပေါ မော်ဝါဒီသူပုန်တွေရဲ့ ဘ၀တဆစ်ချိုး
Donate to DVB

အသက် ၂၉ နှစ်အရွယ် ပါဝန် ကူမား ဘိုဂတီ တယောက် ပျားရည်ရှာဖို့ အိမ်က မထွက်ခင် ဓားသွေးပါတယ်၊ ပြီးတော့ ဦးထုပ်အဖြူကို ဆောင်းလိုက်ပါတယ်။ တကယ်တော့ ဒီအလုပ်ကို သူလုပ်တတ်တာ မကြာသေးပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်တုန်းကတော့ ပါဝန်က နီပေါကွန်မြူနစ်ပါတီရဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်က တပ်သားတယောက် ဖြစ်ခဲ့ပါတယ်။    အစိုးရတပ်နဲ့ မော်ဝါဒီသူပုန်တို့အကြားမှာ ဆယ်စုတခုကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ငြိမ်းချမ်းရေးသဘောတူညီစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။

“ကျနော့် သူငယ်ချင်းတွေ အများကြီး ကျနော့် ရှေ့မှာပဲ သေဆုံးသွားကြတယ်” လို့ ပါဝန်က သတိတရ ပြန်ပြောပြပါတယ်။

“ကျနော်က ဆေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးကုပေးခဲ့ပါတယ်။ ဒါပေမယ့် ဆေးဝါးနဲ့ ကိရိယာတွေ အလုံအလောက် မရှိတဲ့အတွက် သူတို့ အသက်တွေကို ကယ်ချင်လျက်နဲ့ မကယ်နိုင်ခဲ့ပါဘူး။"

နီပေါ ပြည်တွင်းစစ်အတွင်းမှာ လူပေါင်း ၁ သောင်းခွဲလောက် သေဆုံးခဲ့ပြီး ၁ သိန်းခွဲလောက် စစ်ပြေးဒုက္ခသည်ဘ၀ ရောက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ နှစ်က ရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်အရ မော်ဝါဒီသူပုန်တွေအတွက် ရွေးစရာ ၂ လမ်းရှိပါတယ်။ နိုင်ငံရဲ့ စစ်တပ်ထဲကို ၀င်ချင်ရင်ဝင်၊ ဒီလိုမှ မဟုတ်ရင် တပ်ကထွက်ပြီး အငြိမ်းစားယူဖို့ ဖြစ်ပါတယ်။

မနှစ်ကစလို့ မော်ဝါဒီသူပုန် ၁ ထောင်လောက် နီပေါစစ်တပ်ထဲကို ၀င်ခဲ့ကြပြီး၊ ၁ သောင်း ၄ ထောင်ကတော့ မိမိဆန္ဒအလျှောက် တပ်ကထွက်ပြီး အငြိမ်းစား ယူသွားကြပါတယ်။ ဒီလို အငြိမ်းစားယူတဲ့ အထဲမှာ ပါဝန်ကလည်း တယောက်ဖြစ်ပါတယ်။

“ယာယီစခန်းမှာ တပ်ချထားတဲ့ အချိန်မှာပဲ စစ်တပ်ထဲကနေ ထွက်လိုက်ရင် အပြင်ဘ၀မှာလည်း တခုခုတော့ လုပ်နိုင်မယ်လို့ ယုံကြည်မှုရှိလာတယ်။”

“စစ်တပ်ထဲ မ၀င်ဘဲနဲ့ အရပ်သားဘ၀နဲ့က ပိုကောင်းမယ်လို့ စဉ်းစားမိတယ်။ စစ်တပ်နဲ့ ပေါင်းလိုက်တာကိုလည်း မကြိုက်ဘူးလေ။ ဒါကြောင့် တပ်ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။"

ဒီလို ထွက်လိုက်တဲ့အတွက် အစိုးရဆီကနေ အမေရိကန်ဒေါ်လာ ၁ သောင်း ၂ ထောင်လောက် ထောက်ပံ့ကြေးရပါတယ်။

“အဲဒီ ပိုက်ဆံနဲ့ မြေ၀ယ်တယ်၊ အိမ်လေး ၁ လုံး ဆောက်လိုက်တယ်။ ကျန်တဲ့ ပိုက်ဆံနဲ့ စီးပွားရေးလုပ်ငန်းလေးတခု လုပ်တယ်။ အခုဆိုရင် ပျားမွေးမြူရေးလုပ်ပြီး ၀င်ငွေရနေပါပြီ။"

အခုတော့ ပါဝန်နဲ့ သူ့ဇနီး ဆိုနုတို့ မီဆူရီယာ ဆိုတဲ့ ရွာမှာ နေကြပါတယ်။ မြို့တော် သက်သမန်ဒူးနဲ့တော့ ကီလိုမီတာ ၇၀၀ လောက် ဝေးပါတယ်။ အဲဒီရွာမှာ မော်ဝါဒီ သူပုန်ဟောင်း ၂၀၀ လောက်လည်း အခြေချနေကြပါတယ်။

သူပုန်ဟောင်းတွေကို ရွာသားတွေက ကြိုဆိုနေတယ်လို့ အသက် ၄၃ နှစ်အရွယ် ရွာခံ ဆူဘက်ရှ် ဒန်ဂီးက ပြောပါတယ်။

“သူပုန်ဟောင်းတွေ အများကြီး ဒီရွာမှာ လာနေကြပါတယ်။ အလုပ်တွေလည်း မျိုးစုံပေါ့။ နိုင်ငံရေးတခုတည်းနဲ့ အသက်ရှင်လို့ မရဘူး၊ ရှေ့ရေးအတွက် အလုပ်လုပ်ရမယ်ဆိုတာကို သူတို့ သိသွားပါပြီ" လို့ ပြောပါတယ်။

သူပုန်ဟောင်းတွေက အလုပ်ကြိုးစားကြလို့ တခြားလူတွေအတွက် နမူနာယူဖို့ ကောင်းတယ်လို့ ပြောပါတယ်။

မော်ဝါဒီ တပ်မှူးကြီးဖြစ်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် ချီထရာ ဘဟာဒါ ချောင်ဒရီလည်း အဲဒီရွာမှာပဲ  စီးပွားရေးလုပ်ငန်းအနေနဲ့ တည်းခိုခန်းတခု ဖွင့်ထားပါတယ်။

ပြည်တွင်းစစ်ကာလတုန်းကတော့ မော်ဝါဒီတွေဟာ အရက်ရောင်းတယ်ဆိုပြီး ဟိုတယ် တွေကို ဖျက်ဆီးခဲ့ဖူးပါတယ်။  အခုတော့ ချီထရာနဲ့ သူ့ဇနီး ရာမတို့ တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်နေကြပါတယ်။

“တပ်က ထွက်ပြီးတော့ ဟိုတယ်လုပ်ငန်းကတော့ ကျနော်တို့အတွက် အလွယ်ဆုံးနဲ့ အဆင်အပြေဆုံး ဖြစ်မယ်လို့ တွေးမိတာပဲ။ ဒါနဲ့ပဲ ရွာမှာ တည်းခိုခန်းတခုဖွင့်လိုက်တယ်။ ၁ ရက်ကို ဒေါ်လာ ၅၀-၆၀ လောက်ဆိုရင် ကျေနပ်ပါပြီ” လို့  ချီထရာက ပြောပါတယ်။

ဒါပေမယ့် လောလောဆယ်တော့ လုပ်ငန်းမကောင်းသေးလို့ တနေ့မှာ ၀င်ငွေ ၁၀ ဒေါ်လာပဲ ရသေးတယ်လို့ ညည်းပါတယ်။

“နိုင်ငံရေးကို စိတ်မ၀င်စားတော့ဘူးဗျာ။ ပါတီကတော့ ကျနော့်ကို အစည်းအဝေးတက်ဖို့ ခေါ်ပါတယ်။ ကျနော် ငြင်းလိုက်တယ်ဗျ။ ကျနော်တို့ကို မော်ဝါဒီ ခေါင်းဆောင်တွေက အသုံးချ နေတာ" လို့ ပြောပါတယ်။

"နိုင်ငံခြားမှာ အလုပ်သွား လုပ်ချင်တယ်" လို့လည်း ဆိုပါတယ်။

ဘိုဂတီ တို့လို သူပုန်တပ်သားဟောင်းတွေကတော့ အရင်ထက်စာရင် ပိုအဆင်ပြေ နေကြပါတယ်။

“အခုတော့ ဘ၀က အဆင်ပြေပါတယ်။ သမီးလေး တယောက်လည်း ရှိတယ်။ မိသားစုအတွက် အလုပ်လုပ်တယ်။ နယ်ခံတွေကလည်း ကူညီကြတော့ အားတက်တာပေါ့" လို့ ပြောပါတယ်။

(Sunil Neupane  ရေးသည့် Nepal’s Former Maoist Combatants Start Afresh ဆောင်းပါးကို ဘာသာပြန်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013