
နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်ကစားသမား အဲလီးယော့တ် အန်ဒါဆန်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းရဲ့ ကနဦးကမ်းလှမ်းမှုကို ဖောရက်စ်ဘက်က ပယ်ချလိုက်တယ်လို့ The Athletic သတင်းမှာ ဖော်ပြပါတယ်။
အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟာ မန်ယူထက် မန်စီးတီးကို ပြောင်းဖို့ ပိုစိတ်ဝင်စားနေတယ်လို့ BBC အားကစားကလည်း ဖော်ပြထားပါတယ်။
ဒီနွေရာသီမှာ သူ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေပြီး မန်စီးတီးက တရားဝင် စတင်ကမ်းလှမ်းခဲ့တာပါ။ အန်ဒါဆန်ဟာ ဖောရက်စ်မှာ ခြေစွမ်းပြနိုင်ခဲ့လို့ နည်းပြ သောမတ်စ်တူချယ်ရဲ့ အင်္ဂလန် ကမ္ဘာ့ဖလားလူစာရင်းမှာ ရွေးချယ်ခံထားရပါတယ်။
သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ၂၀၂၃ တုန်းက အာဆင်နယ်အသင်း ဒက်ကလန်ရိုက်စ်အတွက် ပေးခဲ့ရတဲ့ ပေါင် ၁၀၅ သန်းကို ကျော်လွန်ပြီး ဗြိတိန်ကစားသမား စံချိန်တင်ကြေး ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။










