DVB Logo
Home
မြန်မာသတင်း
ကချင်ဒေသတွင် သူပုန်နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးနှိပ်စက်ခံရသူ အများအပြားရှိနေ
DVB
·
January 22, 2013
ကချင်ဒေသတွင် သူပုန်နှင့်ဆက်သွယ်မှုဖြင့် ဖမ်းဆီးနှိပ်စက်ခံရသူ အများအပြားရှိနေ
Donate to DVB

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ တရားမ၀င်ဆက်သွယ်တယ်ဆိုပြီး  အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှုပေါင်း ၃၀ ကျော်ရှိတယ်လို့  ဟောင် ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် (AHRC) က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း ကချင်ဒေသမှာ မတရားအသင်းဆက်သွယ်မှုနဲ့ အစိုးရစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ဖမ်းဆီးထိန်းသိမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်ခံရတဲ့  အမှုပေါင်း ၃၆ မှု ရှိတယ်လို့ အာရှနိုင်ငံတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ AHRC အဖွဲ့က ဇန်န၀ါရီ ၂၁ ရက် ထုတ်ပြန်တဲ့ စာမျက်နှာ ၇၀ နီးပါးရှိတဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတာပါ။

[caption id="attachment_14733" align="alignright" width="150" caption="ဦး​မင်း​လွင်ဦး​"][/caption]

ဒီအစီရင်ခံစာကို ကချင်ဒေသခံ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပေးပို့တဲ့ အချက်အလက်တွေ၊ ကာယကံရှင် မိသားစုတွေရဲ့ ပြောကြားချက်တွေ၊ တရားရုံးအမှုတွဲ မိတ္တူမှန် ထွက်ဆိုချက်တွေကို အခြေခံပြီး အခိုင်အမာပြုစုထားတာဖြစ်ပြီး တချို့အမှုတွေမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ရှိခဲ့ရတယ်လို့ AHRC ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

“နှစ်စဉ် ညှဉ်းပန်းခြင်းခံရတဲ့ အမှုတွေ တော်တော်များများ တွေ့ရတယ်။ တရားရုံးတွေ အဆင့်ဆင့်တိုင်ကြားထားတဲ့အမှုတွေထဲမှာ အဆိုးဆုံးကတော့ ပြောရရင် နားနဲ့မနာ ဖ၀ါးနဲ့မနာလို့ပြောရမယ်။ ယောက်ျားချင်း အတင်းအဓမ္မ လိင်တူဆက်ဆံခိုင်းတဲ့အမှုတွေထိ ရှိတယ်။ အဲအမှုကိုလည်း တရားရုံးချုပ်ထိ တိုင်တဲ့အခါမှာ တရားရုံးချုပ်က အကျဉ်းနည်းနဲ့ ပလပ်ခဲ့တယ်ဆိုတာ သိရတယ်။ ဒါတွေဟာ နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ကြားထဲကပြည်သူတွေကို မတရားအသင်းနဲ့ ဆက်သွယ်ပါတယ်ဆိုတဲ့ သံသယစိတ်နဲ့ စွဲဆိုပြီး ပေါ်ပေါက်လာတဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေဖြစ်တယ်။ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို အတိအလင်းချိုးဖောက်လိုက်တာ ဖြစ်တယ်။”

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက သူပုန်တွေကို ထောက်ပံ့ကူညီသူတွေကို မတရားအသင်း ဥပဒေသုံးပြီး ဖမ်းဆီးတာတွေ မလုပ်တော့ဘူးလို့ ပြောကြားထားတဲ့ကြားက တိုင်းရင်းသားဒေသတွေမှာ ဒေသဆိုင်ရာအာဏာပိုင်တွေက  ဒီဥပဒေနဲ့ အရပ်သားတွေကို ဆက်လက် ဖမ်းဆီးမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

၁၉၀၈ ခုနှစ် ဗြိတိသျှကိုလိုနီခေတ်ကတည်းက မတရားအသင်းဥပဒေဟာ ခေတ်နဲ့ မညီတော့တဲ့ ဥပဒေတွေထဲမှာ အရင်ဆုံး ဖျက်သိမ်းပစ်ရမယ့် ဥပဒေဖြစ်တယ်လို့လည်း ဦးမင်းလွင်ဦးက ပြောပါတယ်။

“ဒီဥပဒေက ဖျက်သိမ်းဖို့လိုအပ်နေတာ ကြာလှပြီ။ ကိုလိုနီခေတ်မှာ ဗြိတိသျှအစိုးရကို တော်လှန်တဲ့အတွက် ဒီဥပဒေပြဋ္ဌာန်းပြီး မျိုးချစ်သူပုန်တွေကို နှိမ်နင်းဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့တာ။ သို့သော်လည်း လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားလာတော့ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ဒီဥပဒေကို ဆက်လက်ကျင့်သုံးနေကြတာဖြစ်တယ်။ အမှန်ကတော့ ပယ်ဖျက်သင့်တဲ့အထဲ ထိပ်ဆုံးကပါတယ်။ ပယ်ဖျက်သင့်တာကြာပြီဆိုတဲ့ ဥပဒေလည်း ဖြစ်တယ်။”

ကေအိုင်အို၊ ကေအိုင်အေနဲ့ အစိုးရအကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဇွန်လမှာ  စပျက်ကာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ဒီစစ်ပွဲကာလအတွင်းမှာ ကချင် တိုင်းရင်းသားတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013