
ကနေဒါနဲ့ အမေရိကန်နယ်စပ်က အွန်တာရီယိုရေကန်ကြီးကို အမေရိကရေကန်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်မှာ လက်မှတ်ရေးထိုးပြီး နာမည်ပြောင်းလိုက်ပါတယ်။
ဒီလို ပြောင်းလဲမှု တခုက ချက်ချင်း အကျိုးသက်ရောက်မယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။ ဒီအမိန့်ဟာ ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့ ဒေါက်ဘန်ဂန်ဆီ အမည်ပြောင်းဖို့ တိုက်ရိုက်ပေးပို့ခဲ့တာလို့ လည်း အိမ်ဖြူတော်က ပြောပါတယ်။
မြောက်အမေရိကတိုက်ရဲ့ အကြီးဆုံး ရေကန်ကြီး ၅ ခုအနက် ၁ ခုဖြစ်တဲ့ အွန်တာရီယိုရေကန်ဟာ ကနေဒါအွန်တာရီယိုဒေသနဲ့ အမေရိကန်နယူးယောက်ခ်ပြည်နယ်တို့ နယ်နိမိတ်ချင်း ထိစပ်နေတာ ဖြစ်ပါတယ်။
ကနေဒါနဲ့ အမေရိကန်တို့ဟာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့အပတ်က ဆွေးနွေးမှု ပျက်ပြယ်ခဲ့ ကာ ကုန်သွယ်မှုအခွန်တွေ အပြန်အလှန်ကောက်ခံဖို့ စီစဉ်နေပြီး ဆက်ဆံရေး တင်းမာတဲ့ အခြေအနေကို ရောက်နေပါတယ်။
အမေရိကန်က ဒေါ်လာ ၂၀ ဘီယီယံတန်ကြေးရှိတဲ့ ကနေဒါသွင်းကုန်တွေကို အခွန်နှုန်းထားသစ် ၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ကနေဒါကလည်း ဒေါ်လာကို ဒေါ်လာခြင်း တုံ့ပြန်မယ်ဆိုတဲ့ ကြုံးဝါးသံနဲ့ စက်တင်ဘာလမှာ တန်ပြန်ခွန်ကောက်ခံမှာ ဖြစ်ပါတယ်။
အပြန်အလှန်ကုန်သွယ်ခွန်ကောက်ခံဖို့ ပြင်ဆင်နေချိန်မှာ အွန်တာရီယိုရေကန်နာမည်ကို ပြောင်းလဲမယ်လို့ ထရမ့်ပ်က အွန်လိုင်းကနေ ခြိမ်းခြောက်ခဲ့ပြီးနောက် အခုလို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အွန်တာရီယိုဆိုတဲ့အမည်ဟာ နှစ်ပေါင်း ၄၀၀ ကျော်သက်တမ်းရှိပြီး ကနေဒါဖက်ဒရေးရှင်းနဲ့ အမေရိကန်နိုင်ငံ လွတ်လပ်ရေးကြေညာတဲ့ အချိန်ထက်တောင် ပိုပြီးစောသေးတယ်လို့ မာ့ခ်ကာနေး က မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ထရမ့်ပ်ဟာ ၂၀၂၅ ခုနှစ်က ဒုတိယသမ္မတသက်တမ်းမှာ ပြန်လည်တာဝန်ထမ်းဆောင်ချိန်က မက္ကဆီ ကို ပင်လယ်ကွေ့ကို အမေရိကပင်လယ်ကွေ့လို့ ပြောင်းလဲမှည့်ခေါ်ဖို့ အမိန့်ထုတ်ခဲ့ဖူး ပါတယ်။
အဲ့ဒီတုန်းက ထရမ့်ပ်ရဲ့ အမည်ပြောင်းမှုကို မက္ကဆီကိုက ပယ်ချခဲ့ဖူးပြီး နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ ရေပြင်ကို နိုင်ငံ ၁ နိုင်ငံတည်းက အမည်ပြောင်းလဲမရဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။
Google Map မှာ မက္ကဆီကိုနိုင်ငံကနေကြည့်ရင် မက္ကဆီကို ပင်လယ်ကွေ့ အမေရိကန်က ကြည့်ရင် အမေရိကပင်လယ်ကွေ့ဆိုတဲ့ စာလုံးကိုတွေ့ရပြီး ကမ္ဘာပေါ်ရှိ တခြားနိုင်ငံတွေကကြည့်ရင် မက္ကဆီ ကို ပင်လယ်ကွေ့ရော၊ အမေရိကန်ပင်လယ်ကွေ့ဆိုတဲ့ စာသား ၂ ခုစလုံးကို တွေ့မြင်ရ ပါတယ်။
Source:Reuters











