DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးပျက်ပြားရန် အက်စ်အက်စ်အေဘက်က စတိုက်မည်မဟုတ်
DVB
·
January 22, 2013
ငြိမ်းချမ်းရေးပျက်ပြားရန် အက်စ်အက်စ်အေဘက်က စတိုက်မည်မဟုတ်
Donate to DVB

ရှမ်းပြည်တပ်မတော် တောင်ပိုင်း ခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အက်စ်အက်စ်အေ/အာစီအက်စ်အက်စ် အဖွဲ့နဲ့ အစိုးရအကြား အပစ်ခတ်ရပ်စဲရေး သဘောတူထားတဲ့ကြားက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့  ရှမ်းပြည်တပ်မတော်က ထုတ်ဖော်ပြာကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်း  ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ အစိုးရကြား အပစ်ခတ်ရပ်ပြီး ပြည်နယ် အဆင့်ရော ပြည်ထောင်စုအဆင့်မှာပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့်  အခုနှစ် ဇန်န၀ါရီလဆန်းအထိ တိုက်ပွဲပေါင်း အကြိမ် ၆၀ ထက်မနည်း ပြန်လည်ဖြစ်ပွားခဲ့တယ်လို့  ရှမ်းပြည်တပ်မတော် တောင်ပိုင်း (အက်စ်အက်စ်အေ) က ပြောပါတယ်။

[caption id="attachment_35617" align="alignleft" width="150" caption="အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်အချို့"][/caption]

ရှမ်းပြည်တပ်မတော်က အစိုးရနဲ့သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားမှာဖြစ်ပြီး မိမိဘက်က စတင်တိုက်ခိုက်တာမျိုး လုပ်မှာမဟုတ်ကြောင်း၊ အစိုးရတပ်ဘက်ကလည်း သဘောတူချက်လိုက်နာဖို့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေကနေ အကြောင်းကြားခဲ့ပြီးပြီလို့ အက်စ်အက်စ်အေက ဆိုပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက “နိုင်ငံတော်အစိုးရနဲ့ အပစ်ရပ်ထားတာကို ဆက်လက် ထိန်းသိမ်းသွားမယ်။ အာစီအက်စ်အက်စ်၊ အက်စ်အက်စ်အေရဲ့ အမှားကြောင့်နဲ့ ငြိမ်းချမ်းရေး မပျက်ပြားစေဘူး။ ကျနော်တို့ဆီကနေ သွားတိုက်တာ၊ စောင့်ပြီး ဖြတ်တိုက်တာတို့ ဘာမှမလုပ်ပါဘူး။ ကျနော်တို့တပ်တွေက နဂိုလှုပ်ရှားနေတဲ့ နေရာမှာ ဆက်လှုပ်ရှားမယ်။ ကျေးလက်နဲ့တောတွေမှာ လှုပ်ရှားမယ်။ ကျနော်ကလည်း ငြိမ်းချမ်းရေးမပျက်ပြားချင်ဘူး။ နိုင်ငံရေးပြဿနာတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ပဲ ဖြေရှင်းချင်တယ်။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့  ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာတော့ မနှစ်က  ဦးသိန်းစိန် အစိုးရရဲ့  ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်ကြောင့် သူတို့အနေနဲ့ ရှမ်းနိုင်ငံရေးပါတီတွေနဲ့ရော  ရှမ်းပြည်သူတွေနဲ့ပါ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့်ရတဲ့အပေါ် ကျေနပ်အားရမှုရှိပေမယ့်  တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရတာ အခက်အခဲရှိကြောင်း သုံးသပ်ခဲ့ကြတယ်လို့ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။

ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ဇန်န၀ါရီလ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ ၄ ရက်တာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ  ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ရှမ်းပြည်ပြန်ထူထောင်ရေးကောင်စီရဲ့ ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်စစ် အပါအ၀င် ဗဟိုကော်မတီဝင်၊ အရာရှိအရာခံတွေရော စစ်သည်တွေပါ စုစုပေါင်း အင်အား ၂၀၀ ကျော် တက်ရောက်ခဲ့တယ်။ တနှစ်တာအတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ ပညာရေး ဆောက်ရွက်မှု အားနည်းချက်၊ အားသာချက်တွေ ဆွေးနွေးသုံးသပ်ခဲ့ကြတာပါ။

အစည်းအဝေးအပြီး  ကြေညာချက်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ယူအန်အိုဒီစီ (ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး) အပါအ၀င် အစိုးရနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ ပူးတွဲဆောင်ရွက်ရေး၊ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး၊ နိုင်ငံရေးပါတီနဲ့ရော အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ပူးပေါင်းပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေး   ပြဿနာ အဖြေရှာရေး၊ အက်စ်အက်စ်အေ တပ်မိသားစုရပ်တည်ဖို့  စီးပွားရေး တိုးမြှင့်ဆောင်ရွက်ရေးနဲ့ ပြည်သူတွေ ဥပဒေဘောင်တွင်း လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းနိုင်ရေးတွေ အားပေးဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013