DVB Logo
Home
မြန်မာသတင်း
ယာဉ်ကြောပိတ်ဆို့မှုကို ယာဉ်ထိန်းရဲအင်အားပိုချပြီး ဖြေရှင်းမည်
DVB
·
January 22, 2013
ယာဉ်ကြောပိတ်ဆို့မှုကို ယာဉ်ထိန်းရဲအင်အားပိုချပြီး ဖြေရှင်းမည်
Donate to DVB

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်ပွားတဲ့ နေရာ ၇ ခုမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား ပိုမိုချထားပြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က  ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့နေလူထု နေ့စဉ်ရင်ဆိုင်နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားနေတဲ့ အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ်တွေကို  ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က  ဒီကနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ဖော်ပြောကြားလိုက်တာပါ။

ဒီနေ့ပြုလုပ်တဲ့အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့အတွင်းရေးမှူး ဦးလှအောင်က “ပြန်လေ့လာကြည့်တော့ ယာဉ်စည်းကမ်း မလိုက်နာမှုတွေကြောင့် လမ်းဆုံတွေမှာ ယာဉ်ကြောပြောင်းပြန် မောင်းတာတွေ၊ အများသွားလာနေတဲ့ လမ်းမှာ မဆင်မခြင် ၀င်ရောက်မှုကြောင့် ယာဉ်ပိတ်ဆို့မှုတွေ ဒါတွေကို ဦးစားပေး ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်တယ်။ အဲနောက်ပိုင်း တဆက်စပ်တည်း ယာဉ်စည်းကမ်းမှာ သတ်မှတ်ထားတဲ့ ယာဉ်မရပ်ရ နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို လှည့်ထိန်းများ၊ ယာဉ်ထိန်းအင်အား တိုးမြှင့်ခြင်းတွေနဲ့ ဖမ်းဆီးအရေးယူသွားမှာဖြစ်တယ်။”

ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှု အဖြစ်ပွားဆုံး နေရာ ၇ ခုကတော့ ချော်တွင်းကုန်းလမ်းဆုံ၊ ဘုရင့်နောင်လမ်းဆုံ၊ ရွှေဂုံတိုင်၊ ဦးထောင်ဗိုလ်အ၀ိုင်း၊ လှည်းတန်း၊ ဟံသာဝတီအ၀ိုင်းနဲ့ မြေနီကုန်းလမ်းဆုံတို့ ဖြစ်ပါတယ်။ အဲ့ဒီနေရာတွေမှာ ယာဉ်ထိန်းရဲအင်အား ၂၀၀ ကျော်ချထားပြီး စည်းကမ်းထိန်းသိမ်း ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။

ဒီနေ့ကစပြီး ၇ ရက်တာကာလကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး ၇ ရက်ကျော်ရင် စည်းကမ်းထိန်းသိမ်းရေးဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးအရေးယူဆောင်ရွက်ရုံနဲ့တော့ ရန်ကုန်ယာဉ်ကြောပြဿနာက ပြေလည်နိုင်မှာ မဟုတ်ဘူးလို့ မြို့ပြလူမှုဘ၀ ဆောင်းပါးတွေ ရေးနေတဲ့ မျိုးညွှန့် (ပေါ်ပြူလာ) က မှတ်ချက်ပေးပြောပါတယ်။

“စည်းကမ်းမဲ့တာကို အခြေခံပြီးလုပ်မယ်ဆိုတာ အချက်အလက်တခုလောက်ပဲရှိတယ်။ ဒီလိုအချက်အလက်ကလည်း အဓိကကျတဲ့ အချက်အလက်မဟုတ်ဘူးလေ။ လက်အောက်ခံ အချက်အလက်တခုအပေါ်မှာ သူတို့က ကိုင်တွယ်မှာ။ ဒီနေ့ရှိနေတဲ့ အဆောက်အဦတွေ၊ ကားလမ်းအခြေအနေတွေ အရင်တုန်းက စီမံကိန်းတခုအပေါ်မှာ အခြေခံပြီးတော့ သေချာစနစ်တကျ မြို့ပြပုံစံတည်ဆောက်ခဲ့တာမျိုး မရှိဘူးလေ။ အရင်က လာဘ်ပေးလာဘ်ယူမှုတွေ အများကြီး ရှိခဲ့တယ်။ ဒီပေါ်အခြေခံပြီး ဆောက်ချင်တဲ့နေရာမှာ ဆောက်မယ်။ ဒီလိုပုံစံတွေလုပ်လာတော့ ကားလမ်းကျပ်တဲ့ ပြဿနာတွေက အဓိကရင်ဆိုင်နေရတာ။ ဒါတွေကို ဖြေရှင်းဖို့က ပြောရရင် ၁၀ နှစ်လောက် အချိန်ယူရမယ့် အခြေအနေဖြစ်နေတယ်။”

ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို အဖွဲ့ဝင် ၁၀ ဦးနဲ့ ဇန်န၀ါရီ ၇ ရက်က သမ္မတအမိန့်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီအဖွဲ့ဟာ မြို့တော်နယ်နိမိတ်အတွင်း ပြည်သူအများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013