
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ရှိ ဇီးဖြူကုန်းရပ်ကွက်မှာ နာဂအမျိုးသားပါ တီဗဟိုဌာနချုပ်ရုံးခန်း ဖွင့်ပွဲကို နိုဝင်ဘာ ၁၁ ရက်မနက်က ကျင်းပပါတယ်။
နာဂအမျိုးသားပါတီဟာ ပါတီဝင်အင်အား ၂၀၀၀ ကျော်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် နေရာတချို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။
ပါတီဥက္ကဋ္ဌ ဦးရှုမောင်က “ကျနော်တို့နာဂပါတီက မြန်မာနိုင်ငံမှာ နေထိုင်တဲ့ နာဂလူမျိုးတွေအတွက် ဖြစ်တယ်။ ကျနော်တို့နာဂလူမျိုးတွေဟာ လွတ်လပ်ရေးရပြီး အခုချိန်ထိ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တယ်။ ကျနော်တို့ လူအမျိုးအတွက်လည်း ဖွံ့ဖြိုးရမယ်။ နိုင်ငံအတွက် ဖွံ့ဖြိုးရမယ်။ ဒါကြောင့် နာဂအမျိုးသားပါတီ တည်ထောင်ရတာ ဖြစ်တယ်” လို့ နာဂအမျိုးသားပါတီ ရုံးခန်းဖွင့်ပွဲမှာပြောပါတယ်။
ဒါ့အပြင် နာဂလူမျိုးတွေတိုးတက်ခြင်းဟာ မြန်မာပြည်ကောင်းမွန်ခြင်းဖြစ်တယ်၊ တိုင်းပြည် ငြိမ်းချမ်းသာယာ ဖြစ်အောင် ကြိုးစားမယ်၊ နိုင်ငံတော်မှာ စစ်ပွဲဖြစ်နေတာကို လက်မခံဘူး။ ငြိမ်းချမ်းတဲ့ နယ်မြေဖြစ်အောင် ကြိုးပမ်းသွားမယ်လို့လည်း ဥက္ကဋ္ဌ ဦးရှုမောင်က ပြောပါတယ်။
နာဂအမျိုးသားပါတီဗဟိုရုံးချုပ် ဖွင့်ပွဲအခမ်းအနားကို လူဦးရေ ၃၀၀ လောက်တက်ရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ကောင်းကျိုးဆောင်ပါတီနဲ့ တိုင်းဒေသကြီးလွှတ်တော်အမတ်ဦးမောင်တေးတို့ တက်ရောက်ခဲ့ကြပါတယ်။
သတင်း - အောင်ဆန်းမြင့်











