
“ရင်ဆိုင်အချစ်တွေနဲ့ အန္တရာယ်တွေ နင်းဖြတ်… အချစ်ကပြောင်းလဲမသွားလည်း ကွယ်… ကံကို မယုံဘူးကွယ်… အားနည်းချက်တို့ ရှိလိမ့်မယ်… မင်းလိုက်ခဲ့နိုင်မလား ကွယ်”
ဒါကတော့ လတ်တလောထွက်ရှိလာတဲ့ စုံတွဲတေးတပုဒ်ဖြစ်ပြီး ဒီသီချင်းကိုတော့ ပရိသတ်အချစ်တော် အဆိုတော် ၂ ယောက်ဖြစ်ကြတဲ့ ဟန်ထွန်းနဲ့ ဂျူဝယ်လ်တို့က အတူ သီဆိုထားခဲ့ကြတာပါ။
“ရှင်သန်ရခြင်းအကြောင်းတရား”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေး ရေးညီနေနဲ့ မြတ်သွန်းခေတ်တို့က ရေးစပ်ပေးထားခဲ့တာပါ။
“အမျှော်လင့်ဆုံး အိပ်မက်… နင်သာငါ့ဘဝပဲ… ရှင်သန်ခြင်းတွေလည်း ကြင်နာသူ မင်းပဲ… အချစ်က ပြောင်းလဲမသွားဘူးကွယ်… ထာဝစဉ်လက်တွဲမယ်… မင်းရဲ့ အကြောင်းလည်း တို့သိတယ်… ဘာမှမလိုဘူးကွယ်”
ဟန်ထွန်းကတော့ တကိုယ်တော် တေးအယ်လ်ဘမ်တွေဖြစ်တဲ့ အိပ်မက်ယန္တရား၊ ရှိနေမယ်၊ ခေါင်းနဲ့ပန်းစတဲ့ တေးအယ်လ်ဘမ်တွေထဲက သီချင်းတွေနဲ့ရော အတွဲတေး အယ်လ်ဘမ်ထဲက သီချင်းတွေနဲ့ပါ ပရိသတ်လက်ခံအားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။
The Best Of Melody World သီချင်းဆိုပြိုင်ပွဲမှတဆင့် အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့သူ ဂျူဝယ်လ်ကတော့ အလွမ်းအဆွေးသီချင်းတွေနဲ့ နာမည်ကြီးသူ တယောက်ဖြစ်ပြီး သူတို့ ၂ ယောက်ရဲ့ တွဲဖက်သီဆိုမှုကလည်း ထူးခြားနေတာ ဖြစ်ပါတယ်။
“ဝိုး ဝူး ဝိုး… အရာရာ နင့်သဘောအတိုင်းပါပဲ… အိုး ဟိုး အို… ယူပါနှလုံးသားတခု ပါပဲ… ယုံကြည်ခြင်းတွေနဲ့… ထာဝစဉ်ရှေ့ဆက် တို့လက်တွဲ… ကြင်နာခြင်းတွေနဲ့… အရာရာ ရင်ဆိုင်ကျော်ဖြတ်ဖို့… အရေးအကြီးဆုံးက နှလုံးသားတခုပဲ… မခွဲတမ်း ချစ်နေမယ်”
သီချင်းရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့ ၂ ယောက်လုံး ပါဝင်သရုပ်ဆောင်ထားခဲ့ ကြကာ Tay Than Thar Music ကနေတဆင့် မျှဝေပေးထားခဲ့တာပါ။
လတ်တလောမှာတော့ ဒီသီချင်းရုပ်သံကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ၃ ရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သိန်းနီးပါး ရှိနေ ခဲ့ပြီ ဖြစ်ပါတယ်။










