DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်ရင် သမ္မတနဲ့လွှတ်တော်ကြား ပြဿနာမဖြစ်နိုင်ဘူး – ဦးကိုနီ
DVB
·
January 22, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လိုက်ရင် သမ္မတနဲ့လွှတ်တော်ကြား ပြဿနာမဖြစ်နိုင်ဘူး – ဦးကိုနီ
Donate to DVB

ဇန်န၀ါရီ ၂၁ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ ဥပဒေ ၂ ခုစလုံးဟာ သမ္မတရဲ့ မှတ်ချက်တွေအတိုင်း လွှတ်တော်က ပြင်ဆင်ပေးခြင်းမပြုဘဲ ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေ ဖြစ်တယ်။ ဒီဥပဒေ ၂ ခုစလုံးနဲ့ ပတ်သက်ပြီး သမ္မတနဲ့ လွှတ်တော်အကြား သဘောထားကွဲနေတာတွေဟာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့အားနည်းချက်ကြောင့် ဖြစ်တယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက သုံးသပ် ပြောကြားပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေနဲ့ ပြည် ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂ ခုကို ဇန်န၀ါရီ ၂၁ ရက်နေ့ နိုင်ငံတော်သမ္မတက လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ဆက်သွယ်မေးမြန်းထားပါတယ်။

အခြေခံခုံရုံးဥပဒေမှာ သမ္မတကတော့ သူပြင်ဆင်ခိုင်းတာကို မပြင်ဆင်ဘဲနဲ့ လွှတ်တော်အတည်ပြုချက်အတိုင်း သူလက်မှတ်ထိုး ထုတ်ပြန်ပေးလိုက်ပြီလို့ ပြောတယ်။ အဲမှာ သမ္မတနဲ့ အဓိက ကွာဟနေတာ ဘာအချက်ပါလဲ။

[caption id="attachment_35599" align="alignright" width="242" caption="တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

“အရင်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမှာက ခုံရုံးဥပဒေမှာ ခုံရုံးအဖွဲ့ဝင်တွေ ၉ ယောက်ကို ခန့်တာမှာ သမ္မတက ၃ ယောက် ခန့်တယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌက ၃ ယောက်။ အောက်လွှတ်တော်ဥက္ကဋ္ဌက ၃ ယောက်။ ဒါက ျပဿနာမဟုတ္ဘူး။ ဒါပေမယ့် အဲ့ ၉ ယောက်ထဲက ဥက္ကဋ္ဌကို ခန့်တာကျတော့ သမ္မတက အဆိုပြုတင်သွင်းပေးရတယ်။ ဒါကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုရင် ခုံရုံးဥက္ကဋ္ဌ အတည်ဖြစ်သွားမယ်။ ပြောချင်တာက ခုံရုံးသမ္မတကို ခန့်နိုင်တဲ့အာဏာ နိုင်ငံတော်သမ္မတကို ပေးထားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဒီအတိုင်းပဲ။”

“အခု ဒါကို ပြင်လိုက်တော့ အဖွဲ့ဝင် ၉ ယောက်ရွေးရာမှာ သမ္မတက ၃ ယောက်၊ အထက်လွှတ်တော်ဥက္ကဋ္ဌက ၃ ယောက်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌက ၃ ယောက်။ ဒါက မပြောင်းဘူး။ ဒါပေမယ့် ခုံရုံးဥက္ကဋ္ဌ ခန့်တာမှာ အရင်က သမ္မတက အဆိုပြုတင်သွင်းရတယ်။ အခု သမ္မတရယ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်ရယ် ၃ ယောက် ညှိနှိုင်းတိုင်ပင်ပြီးမှ အဆိုပြုတင်ပြဖို့ ပြင်တယ်။ အဲလိုပြင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတက ခုံရုံးဥက္ကဋ္ဌကို ခန့်ဖို့ အာဏာပေးထားတယ် ဒီလိုပြောတယ်။ အခု ဒီဥပဒေကို လွှတ်တော်က ပြင်ချလိုက်ရော။ ပြင်ပြီးတော့ သမ္မတကို လက်မှတ်ထိုးဖို့ ပို့တော့ သမ္မတက ဒါကိုထောက်ပြတယ်။ ခုံရုံးဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတကသာ ခန့်ရမယ်လို့ အခြေခံဥပဒေမှာရေးထားတယ်။ ပြင်ချင်ရင် အခြေခံဥပဒေကိုပြင်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဘဲ အခုလို ဥပဒေကို ပြင်လို့မရဘူးလို့ သမ္မတက မှတ်ချက်ပေးတယ်။ မှတ်ချက်ပေးတော့ လွှတ်တော်ကပြန်စဉ်းစားတယ်။ အခုလည်းပဲ ခုံရုံးဥက္ကဋ္ဌကို သမ္မတမခန့်ရဘူးလို့ မပြောဘူး၊ သမ္မတပဲ ခန့်ပါ။ ဒါပေမယ့် မခန့်ခင် သမ္မတကြီးသည် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနဲ့ တိုင်ပင်ပါလို့ ပြောတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ပါဘူး။ အဆိုပြုတာ သမ္မတကပဲ အဆိုပြုရမှာ၊ လွှတ်တော်ကအတည်ပြုရမှာပါ။ သို့သော်အဆိုမပြုခင်မှာ ခုံရုံးဥက္ကဋ္ဌ ၂ ဦးနဲ့တိုင်ပင်ပါလို့ပြောတာဟာ ဒီအဖွဲ့ဝင် ၉ယောက်ဟာ ၃ ယောက်က ရွေးထားတာဖြစ်လို့ ဥက္ကဋ္ဌကိုလည်း ၃ ယောက်သဘောနဲ့ရွေးရအောင် လုပ်တာဟာ ပိုကောင်းအောင် ပိုပြီး ဒီမိုကရေစီဆန်ဆန်လုပ်တာပဲ။ ဖွဲ့စည်းပုံနဲ့မဆန့်ကျင်ပါဘူးဆိုပြီး ဆက်ပြီး အတည်ပြုလိုက်တယ်။ အဲတော့ သမ္မတက လက်မှတ်ထိုးပေးလိုက်တယ်။ စာရင်းစစ်ချုပ်ဥပဒေတုန်းကလည်း ဒီလိုပဲ ပြဿနာပေါ်တယ်။ စာရင်းစစ်ချုပ်ဥပဒေမှာက စာရင်းစစ်ချုပ်က သမ္မတကို တာဝန်ခံရတယ်။ သူ့ရဲ့အစီရင်ခံစာကို သမ္မတကို တင်ပြရတယ်။ အခု လွှတ်တော်ကဘယ်လိုပြင်လဲဆိုတော့ စာရင်းစစ်ချုပ်သည် ၁ နှစ်ကို ၁ ခါ အနည်းဆုံး နိုင်ငံတော်စာရင်းအင်းတွေအားလုံးကို စစ်ရမယ်။ ၀န်ကြီးဌာန စာရင်းအင်းတွေရော။ စစ်ပြီးရင် သူ့ရဲ့တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတကို တင်ပြတဲ့နေ့မှာပဲ  ပြည်ထောင်စုလွှတ်တော်ကို မိတ္တူ ၁ စောင်ပေးပို့ရမယ်ဆိုပြီး ပြင်တယ်။”

“ဒါဟာ တော်တော်ကိုကောင်းတဲ့ ပြင်ဆင်ချက်။ လွှတ်တော်ကိုတင်ရမယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဒီဥပဒေပြင်ဆင်ချက်ကိုလည်း သမ္မတက လက်မှတ်မထိုးဘဲ ပြန်ပို့တယ်။ အကြောင်းပြချက်က စာရင်းစစ်ချုပ်ဟာ နိုင်ငံတော်သမ္မတကိုပဲ တာဝန်ခံရမယ်။ တင်ပြရမယ် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲတဲ့။ နိုင်ငံတော်သမ္မတကိုတင်ပြဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါလို့ လွှတ်တော်ကိုမိတ္တူပေးပို့ရမယ်ဆိုတာ ဖွဲ့စည်းပုံနဲ့မညီဘူးတဲ့။ ဒီလိုပဲပြောခဲ့တယ်။ လွှတ်တော်ကလက်မခံဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်ပါဘူးတဲ့။ သမ္မတကို ပေးရမယ်။ ပေးတာပဲတဲ့။ လွှတ်တော်ကိုမိတ္တူ ၁ စောင်ပေးဖို့ပြောတာ ဖွဲ့စည်းပုံနဲ့ မညီတာမျိုး မဟုတ်ပါဘူးဆိုပြီး ဇွတ်သူတို့အတည်ပြုခဲ့တယ်။ ”

“အလားတူ ပြည်သူ့လွှတ်တော်ဥပဒေနဲ့ အမျိုးသားလွှတ်တော်ကို ပြင်ဆင်တဲ့ ဥပဒေတွေတုန်းကလည်း ဒီလိုပဲ နိုင်ငံတော် သမ္မတကနေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုတဲ့ မှတ်ချက်တွေနဲ့ ပြန်ပို့တာ ဒါပါဆို ၄၊ ၅ ခါလောက် ရှိနေပြီ။ အဲတော့ ကျနော်တို့က ဘာကို ပြောချင်တာလဲဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြင်ဖို့လိုနေတယ်ကို ပြတာပဲ။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးတာက သိပ်များလွန်းနေတယ်။ ပုဒ်မ ၅၀၀ နီးပါးလောက် ဖြစ်နေတယ်။ ကျနော်တို့ အရင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ၂၀၀ ကျော်လေးပဲ ရှိတယ်။ အရေးကြီးတဲ့ ပြဋ္ဌာန်းချက်တွေကိုပဲ ရေးရတယ်။ လုပ်ထုံးလုပ်နည်းဆန်တဲ့ ပြဋ္ဌာန်းချက်တွေ၊ နည်းဥပဒေဆန်တဲ့ ပြဋ္ဌာန်းချက်တွေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မရေးရဘူး။ အခု ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေက နည်းဥပဒေဆန်တဲ့၊ လုပ်ထုံးလုပ်နည်းဆန်တဲ့ ဘယ်လိုရွေးရမယ်တို့၊ ဘယ်လိုခန့်ရမယ်တို့ အဲဒီလောက်အသေးစိတ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရေးရင် ပြဿနာက ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာက အကုန်လုံးကို ရေးလို့မရဘူး၊ နောက်ပိုင်းမှာ ဥပဒေတွေက လိုက်ပေးရတယ်။ နောက်ပိုင်း ဥပဒေတွေ လိုက်တော့ လိုက်ရေးတဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မညီမညွတ်ဖြစ်လာတယ်။ မညီမညွတ်ဖြစ်တဲ့အခါကျတော့ ခက်တာက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြင်လို့ မလွယ်ဘူး။ ပြင်ဖို့မလွယ်ရင် နောက်ထပ်အရေးကြီးတဲ့ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လမ်းပိတ်သလို ဖြစ်သွားမယ်။ ဥပမာ စာရင်းစစ်ချုပ်ဥပဒေဆိုရင် အင်မတန်ကို ပြင်သင့်တယ်။ ပြင်သင့်လို့ လွှတ်တော်က ပြင်ပေမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ထောက်တာဟာ တကယ်တမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းတာ။ လွှတ်တော်က လုပ်တာ ကောင်းတယ်။ ဥပဒေနဲ့လည်း ညီတယ်၊ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့လည်း ညီတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေက လာပိတ်သလို ဖြစ်နေတယ်။ အဲလိုပိတ်တာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးကတည်းက လုပ်ထုံးလုပ်နည်းတွေပါ ထည့်ရေးထားတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက အရမ်းဖောင်းပွဲပြီးတော့ နောက်ပိုင်းဥပဒေ ပြဋ္ဌာန်းတဲ့အခါမှာ အခက်အခဲတွေ ဖြစ်တယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေသည် တကယ်တမ်း ဒီမိုကရေစီစနစ်ကို ဖော်ညွှန်းတာ မဟုတ်ဘူး။ ရေးခဲ့တာက စစ်အာဏာပိုင်တွေက ရေးတယ်။ ရေးတဲ့အချိန်မှာလည်း ၅/၉၆ ဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းပြီး ပြည်သူလူထုကို ပြောဆိုခွင့် ပိတ်ပင်ထားတယ်။ ၀င်ပြောရင်၊ ဆွေးနွေးရင်၊ ဝေဖန်ရင် ထောင်ဒဏ် ၅ နှစ်ကနေ နှစ် ၂၀ ထိ ချမယ်လို့ ပိတ်ထားတယ်။ အဲတော့ လူထု ဆန္ဒ မပါဘူး။ တဖက်သတ်ရေးထားတဲ့အတွက် ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး။ ဒါကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြန်ပြင်သင့်တယ်၊ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာ ပြင်လိုက်ရင် ဒီကနေ့ သမ္မတနဲ့ လွှတ်တော်ကြားမှာ ဖြစ်တဲ့ ပြဿနာမျိုး မဖြစ်နိုင်ဘူးလို့ ကျနော်က မှတ်ချက်ပေးချင်တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013