DVB Logo
Home
မြန်မာသတင်း
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ၁၇ နှစ်မြောက်ငြိမ်းချမ်းရေးနေ့ ကျင်းပ
DVB
·
November 9, 2019
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ ၁၇ နှစ်မြောက်ငြိမ်းချမ်းရေးနေ့ ကျင်းပ
1 / 9
Donate to DVB

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ရဲ့ ၁၇ နှစ်မြောက် ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဖားဆောင်းမြို့နယ်၊ ခဲမဖြူကျေးရွာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို မနက် ၇ နာရီမှာ စတင်ခဲ့ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ဥက္ကဋ္ဌ ဦးစောရစ်ချဒ်က “ကျနော်တို့ အဖွဲ့အစည်းဟာ ဒီငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်ရဲခြင်း ရည်ရွယ်ချက်ကတော့ ဒီဒေသအတွင်းမှာ နေထိုင်ကြသော ပြည်သူတွေဟာ နှစ်ပေါင်းများစွာ စစ်ဘေးဒဏ်ခံခဲ့ရပြီး စစ်ကြောင့် ဒုက္ခပေါင်းများစွာ ခံခဲ့ရပါတယ်။ လူနေမှုအဆင့် ဘဝတွေလည်း အလွန်ပဲ နိမ့်ကျခဲ့ရပါတယ်။ စိုးရိမ်ကြောင့်ကြမှုများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဒေသတွင်း ပြည်သူများ နေထိုင်ရသော အခက်အခဲများ ကျော်လွှားနိုင်ရန် အဓိက အကြောင်းတရားမှာ ဒေသ မငြိမ်းချမ်းမှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ကျနော်တို့ နယ်မြေဒေသ အခြေအနေဟာ အရင်ကထက်စာရင် အများကြီး ဖွံ့ဖြိုးတိုးတက်လာခဲ့ရတာ တွေ့ရပါတယ်”လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မိမိတို့အနေနဲ့ နိုင်ငံတော်ကို ကာကွယ်မှာ ဖြစ်ကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ နယ်မြေထိန်းသိမ်းဖွံ့ဖြိုးဖို့အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဥက္ကဋ္ဌ ဦးစောရစ်ချဒ်က ပြောပါတယ်။

အခမ်းအနားကို တက်ရောက်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကလည်း (KNSO) အနေနဲ့ ငြိမ်းချမ်းရေးကို ရယူခဲ့တာဟာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခဆင်းရဲခံရတဲ့ ပြည်သူတွေ ငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ဖို့၊ လူနေမှုမြင့်တင်နိုင်ရေး၊ အစိုးရနဲ့ ပူးပေါင်းပြီး နယ်မြေဖွံ့ဖြိုးမှုလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ဟာ အရမ်းကောင်းမွန်ပြီး ဒီရည်ရွယ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်နေတာကို အသိအမှတ်ပြုကြောင်း အခမ်းအနား မိန့်ခွန်းမှာ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ခဲမဖြူကျေးရွာဟာ ရွာပေါင်း ၆၀ လောက်က ပြည်သူတွေ လာရောက်စုစည်း နေထိုင်တဲ့ကျေးရွာဖြစ်ပြီး အဖွဲ့အစည်းအပါအ၀င် ပြည်နယ်နဲ့ ပြည်ထောင်စုဘတ်ဂျက်ထဲက  လမ်း၊ တံတား၊ ကျောင်း၊ အဆောက်အဦ၊ ကျန်းမာရေး၊ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ရရှိရေး ဆည်တွေ ပံ့ပိုးကူညီရာမှာ ၂၀၁၅-၁၆ ကနေ ၂၀၁၈-၁၉ အထိ ကျပ်သန်းပေါင်း ၈၉၁ ဒသမ ၅၅၅ သန်း ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

“ဒီလိုအနေအထားတခုကို တင်ပြရတာ ပြည်သူ့အစိုးရတရပ်အနေနဲ့ တာဝန်ယူ ဆောင်ရွက်နေချိန်ကစပြီး မခွဲခြားဘဲ အရောင်အသွေး အဆင့်အတန်း မခွဲခြားဘဲ တပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်ဆိုတဲ့ အနေအထားလေးတခု တင်ပြချင်တာပါ။ ဒီအပေါ်မှာ လိုအပ်ချက်တွေ ကြိုးပမ်းဆောင်ရွက်မယ့် အရာတွေ များစွာ ရှိပါတယ်။ ကျနော့်အနေနဲ့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးမယ်ဆိုတဲ့ အကြောင်းကိုလည်း တင်ပြလိုပါတယ်။”

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ဟာ ၂၀၀၂ ခုနှစ်ကစပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့အဖွဲ့ ဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်က ပြည်သူ့စစ်အသွင်ပြောင်းပြီး တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) ရဲ့ ၁၇ နှစ်မြောက် ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ပြည်နယ်အစိုးရအပြင် မြို့နယ်အဆင့်အစိုးရအဖွဲ၊ ပြည်နယ်အတွင်းရှိ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်သူပေါင်း ထောင်ချီ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013