DVB Logo
Home
အာရှဒေသ
အန္တရာယ်ကြားမှာ အာဖဂနစ္စတန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာ
DVB
·
January 22, 2013
အန္တရာယ်ကြားမှာ အာဖဂနစ္စတန် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာ
Donate to DVB

နိုင်ငံရပ်ခြား အပန်းဖြေခရီးထွက်မယ်ဆိုရင် အာဖဂန်နစ္စတန်ကို ယောင်လို့တောင် စိတ်ကူးကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဖဂန်နစ္စတန်နိုင်ငံက ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့ ဟာရတ်ဆိုတဲ့ ပြည်နယ်ထဲကိုတော့ ကမ္ဘာလှည့်ခရီးသွားတွေ တဖွဲဖွဲသွားနေကြပါတယ်။

မနှစ်တုန်းက အဲဒီပြည်နယ်ထဲကိုသွားတဲ့ ကမ္ဘာလှည့်ခရီးသွားအရေအတွက်က ၆၀ ရာခိုင်နှုန်းလောက် တိုးသွားပါတယ်။

ဟာရတ်ပြည်နယ်ထဲ ရောက်နေတဲ့ အသက် ၄၀ အရွယ် အီတာလျံလူမျိုး ရှေးဟောင်း သုတေသီ အဲလ်စ်ရစ်စီက "ရှေးဟောင်းသုတေသနလုပ်ငန်း အတွေ့အကြုံနှစ်ပေါင်း ၂၀ လောက်အတွင်းမှာ ဒီမှာတွေ့ရတဲ့ သမိုင်းဝင် နန်းတော်မျိုးတော့ တခါမှ မတွေ့ခဲ့ဖူးဘူး" လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ က တည်ဆောက်ထားတဲ့ အာ့ခ်ဒီ ယာရိုဒင် နန်းတော်ကြီးကို တံတိုင်းတွေနဲ့ ကာရံထားပါတယ်။ တခေတ်တခါတုန်းကတော့ တိုင်းပြည်ရဲ့စစ်ဌာနချုပ်နဲ့ အစ္စလာမ်ဘာသာတရားရဲ့ဗဟိုချက် ဖြစ်ခဲ့ဖူးပါတယ်။

ကမ္ဘာလှည့်ခရီးသွား အင်တာနက်စာမျက်နှာတွေ တော်တော်များများမှာတော့ အာဖဂန်နစ္စတန်ကို အလွန်အန္တရာယ်များတဲ့ နေရာလို့ ဖော်ပြကြနေကြပါတယ်။ ဒါပေမယ့် ရှေးဟောင်းနန်းတော်နဲ့ မြင့်မြင့်သွန်းသွန်း မျှော်စင်တွေကို ကြည့်ဖို့ ကမ္ဘာလှည့်ခရီးသွားတွေ လာနေကြပါတယ်။

အခက်အခဲတချို့အကြောင်းကို အီတာလျံလူမျိုး ရှေးဟောင်းသုတေသီ အဲလ်စ်ရစ်စီက "ဥပမာ ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဟိုတယ်က လျှော့ဈေးလို ကိစ္စမျိုးတွေပါ။ ကျနော်နဲ့ ကျနော့် လုပ်ဖော်ကိုင်ဖက်တွေအတွက် ဘာတခုမှ အာမခံလုပ်လို့ မရပါဘူး" လို့ ပြောပါတယ်။

၁၉၇၀ ပြည်လွန်နှစ်တွေတုန်းကတော့ အာဖဂနစ္စတန်ဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အတိုင်းအတာတခုအထိ အောင်မြင်ခဲ့ဖူးပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီသွား ၁ သိန်း ၂ သောင်းလောက် ပုံမှန်သွားကြပြီး ဒေါ်လာ သန်းချီပြီး ၀င်ငွေရခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ပြည်တွင်းစစ်ကြောင့် လုံခြုံရေးအခြေအနေတွေ တင်းကျပ်သွားပြီး ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလည်း တန့်သွားပါတယ်။

ဟာရတ်မြို့ကတော့ ရှေ့ဟောင်းမြို့တမြို့ဖြစ်ပြီး၊ ပဋိပက္ခတွေထဲမှာပဲ တည်တံ့နေခဲ့ပါတယ်။ တာလီဘန်တွေကို ပြန်လည်တိုက်ခိုက်မှုနဲ့ စစ်ပွဲတွေကြောင့် သမိုင်းဝင် နေရာအတော်များများလည်း ပျက်စီးသွားပါတယ်။

အခုတော့ နိုင်ငံတကာ ရန်ပုံငွေတွေနဲ့ တချို့သမိုင်းဝင်နေရာတွေကို ပြန်လည်မွမ်းမံ တည်ဆောက်နေပါတယ်။ တချို့သမိုင်းဝင်နေရာတွေကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် စာရင်းထဲကို မကြာခင် ထည့်သွင်းဖို့ ရှိနေပါတယ်။ ဒေသယဉ်ကျေးမှုရုံးက အကြီးအကဲ အာမက် အစန် ဆ၀ါယာ ကတော့ ကမ္ဘာလှည့်ခရီးသွားတွေကို လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီိလို့ ဆိုပါတယ်။

"အာ့ခ်ဒီ ယာရိုဒင် နန်းတော်ကြီးကို ပြန်ပြီးတော့ မွမ်းမံထားတယ်၊ ကမ္ဘာလှည့်ခရီးသွား တွေလည်း လာနေကြပါတယ်။ ဟိုတယ်တွေ၊ အငှားကားတွေ၊ ဧည့်လမ်းညွှန်တွေနဲ့ တခြား လိုအပ်တာတွေကို ပြင်ဆင်ထားပါတယ်။”

ခရီးသည်တွေ အများစုကတော့ အမေရိကန်၊ တာဂျစ်ကစ္စတန်၊ ဥရောပနဲ့ ဟိန်ဒူစတန် စတဲ့ နိုင်ငံတွေကလို့လည်း အာမက် အစန် ဆ၀ါယာ က ပြောပါတယ်။

မြို့ကို သွားလည်တဲ့အခါမှာ တိုးရစ်တွေဟာ လက်မှုပစ္စည်းတွေ ရောင်းတဲ့ ရှေးဟောင်းဈေးကို သွားကြပါတယ်။ ဘယက်တွေကနေ ဓားတွေအထိ ဈေးမှာ ၀ယ်လို့ ရပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေဟာ အာဖဂနစ္စတန်ရဲ့ ရိုးရာ အ၀တ်အစားတွေ၊ လက်လုပ်အိတ်တွေနဲ့ လက်ဝတ်ရတနာတွေကို သဘောကျကြတယ်လို့ ဈေးသည်တွေက ပြောကြပါတယ်။

အ၀တ်အထည်နဲ့ အိတ်တွေကိုရောင်းတဲ့ အသက် ၅၅ နှစ်အရွယ် ဟာဂျီ မိုဟာမက် အိုမာက "အရောင်းအ၀ယ်က ကောင်းနေတယ်။ ပျော်စရာကြီး" လို့ ပြောပါတယ်။

“နိုင်ငံခြားသားတွေက ဆိုင်ကိုလာရင် သူတို့အတွက် ထူးထူးဆန်းဆန်းတွေကို ၀ယ်တယ်။ တိုးရစ်တွေ ဒီအတိုင်း ဆက်တိုးနေရင်တော့ လက်မှုလုပ်ငန်းလည်း တိုးတက်လာမှာပေါ့” လို့လည်း ဆိုပါတယ်။

ဈေးထဲမှာ အာဖဂန်ပေါင်မုန့်နဲ့ အသီးအရွက်တွေရောထားတဲ့ ဘူလာနီ ရောင်းတဲ့ အသက် ၁၈ နှစ်အရွယ် မိုဟာမက် ဇာကီက “အရင်တုန်းက ဘာအလုပ်မှ မရှိဘူး။ နိုင်ငံခြားသားတွေကို တွေ့တော့မှ နန်းတော်နားမှာ ဘူလာနီ လုပ်ရောင်းဖို့ စိတ်ကူးရသွားတာ။    တနေ့မှာ အပွဲ ၁၀၀ လောက် ရောင်းနေရတာဆိုတော့ အလုပ်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ဒါပေမယ့် လုံခြုံရေးအခြေအနေတွေကတော့ စိုးရိမ်နေရတုန်းပါပဲ။ တချို့နေရာတွေမှာ လုံခြုံရေး တင်းကျပ်ထားတုန်းပါပဲ။ လမ်းဘေးဗုံးတွေက ဆက်တိုက်ပေါက်နေတုန်းပါပဲ။ ပြန်ပေးမှုတွေနဲ့ အသေခံ ဗုံးခွဲတာတွေကလည်း ဆက်ဖြစ်နေပါတယ်။

ဟာရတ် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောခွင့်ရသူ  မိုဟာယူဒင် နိုရီက "လုံခြုံးရေးကိစ္စက အရေးကြီးတယ်။ အခုတော့ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနဲ့ ပူးပေါင်းပြီးတော့ ကမ္ဘာလှည့်ခရီးသွားတွေ သွားတတ်တဲ့ နေရာတွေမှာ ရဲလုံခြုံရေးတွေ ချပေးထားပါတယ်" လို့ ပြောပါတယ်။

ဒီလို အခြေအတွေမှာပဲ အသက် ၃၇ နှစ်အရွယ် အမေရိကန်အမျိုးသမီး မိုနီကာ လင်းဒါ ကတော့  အာဖဂန်နစ္စတန်မှာ ပျော်နေပါတယ်။

“ဒါက ပထမဆုံး ခရီးပဲ၊ သိပ်လှတဲ့ တိုင်းပြည်ပါ။ ဘာမှ ပြဿနာမရှိပါဘူး။ အားလုံးကောင်းတယ်။ လုံခြုံပါတယ်။"

(Ghayor Waziri  ရေးသည့် More International Tourists Visit Afghanistan’s Herat Province ဆောင်းပါးကို ဘာသာပြန်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013