
ပဲခူးမြို့ မီးရထားသံလမ်းဘေးက ကိုင်းတောထဲ စွန့်ပစ်ထားတဲ့ လသားအရွယ်ကလေး အလောင်းဟာ ဖခင်ကိုယ်တိုင် ကိုင်ပေါက်တာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့ ပဲခူးမြို့ အမှတ် ၂ နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲထွဋ်ကိုက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညက ပဲခူးမြို့၊ ဇိုင်းတောင်ရပ်ကွက်၊ အုတ်ကျင်းပိုင်း၊ မီးရထားသံလမ်းဘေးရှိ၊ ကိုင်းတောထဲမှာ စွန့်ပစ်ထားတဲ့ ၁ လ ၈ ရက်အရွယ် ကလေးအလောင်း ကို အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့က လာရောက်စွန့်ပစ်ခဲ့ကြောင်း ဇိုင်းဂနိုင်းတောင်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ အကြောင်းကြားချက်အရ ပဲခူးမြို့၊ အမှတ်(၂) နယ်မြေရဲစခန်းကနေ သွားရောက်စစ်ဆေးရာ ပုဆိုးနဲ့ ထုပ်ထားတဲ့ အသက် ၁ လ ၈ ရက်အရွယ် ယောက်ျားလေး အလောင်းကို တွေ့ရှိခဲ့တာပါ။
အဲဒီ ကလေးအလောင်းကို ပဲခူးမြို့ ဆည်မြောင်းလမ်း၊ ပြင်စည်ရပ်ကွက်၊ ဦးသက်လင်းနဲ့ဇနီး မဇင်မာအေးတို့က လာရောက်စွန့်ပစ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ကလေးအလောင်းကို ရင်ခွဲရုံပို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
နို၀င်ဘာ ၅ ရက်နေ့မှာတော့ ပဲခူးဆေးရုံကြီးက မှုခင်းဆရာ၀န်ရဲ့ ဆေးစာထင်မြင်ချက်မှာ ဦးခေါင်းမှာရရှိတဲ့ ဒဏ်ရာကြောင့် ဦးခေါင်းခွံရိုး ချိုင့်ဝင် ကျိုးခြင်း၊ ဦးနှောက်အမှေးပါး သွေးသွန်တာကြောင့် သေဆုံးရတာဖြစ်ကြောင်း အကြောင်းပြန်လာတယ်လို့ ရဲအုပ် ရဲထွဋ်ကိုက ပြောပါတယ်။
ကလေးမိဘ ၂ ဦးကို ထပ်မံစစ်ဆေးရာ အဲဒီနေ့ညနေက မိခင်ဖြစ်သူ မဇင်မာအေးက ဖယောင်းတိုင်ဝယ်ဖို့ ထွက်သွားပြီးပြန်လာတော့ ကလေးအသက်ရှူကြပ်နေတဲ့အတွက် မေးမြန်းရာ သက်လင်းက အရက်သောက်နေစဉ် ကလေးငိုနေတဲ့အတွက် ကလေးဦးခေါင်းကိုကိုင်ကာ ကြမ်းခင်းနဲ့ကိုင်ဆောင့်ပြီး လွှင့်ပစ်လိုက်တာကြောင့် သစ်သားတိုင်နဲ့ ဆောင့်မိပြီး သေဆုံးသွားခဲ့ ကြောင်း ၀န်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ၀န်ခံခဲ့တဲ့အတွက် ပဲခူးမြို့၊ အမှတ်(၂)နယ်မြေ ရဲစခန်းကနေ ကနဦး ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၁၈ နဲ့ အမှုဖွင့်ထားတဲ့အမှုကို ၃၀၂/၃၁၈ (လူသတ်မှု/ ကလေး အလောင်း ဖျောက်ဖျက်မှု) သို့ ပြောင်းလဲဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
အောင်စိုးမိုး











