DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးကို  အလုပ်နှင့်ထောင်ဒဏ် ၆ လ ချမှတ်
DVB
·
November 7, 2019
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ လုံခြုံမှု ကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ(၁၀)နဲ့ တရားစွဲခံထားရတဲ့ ကရင်နီလူငယ် ၆ ဦးကို လွိုင်ကော်မြို့နယ်တရားရုံက အလုပ်နဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ကရင်နီလူငယ် ၆ ဦးထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာကြီးတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်းနဲ့  နိုင်လွတ်လုံ ဥပဒေ ပုဒ်မ ၁၀/၈(စ)ကို ချိုးဖောက်ရာရောက်တယ်လို့ တရားသူကြီးက ဆုံးဖြတ်ပြီး ဒီကနေ့ ၁၈ကြိမ်မြောက်ရုံးချိန်းမှာ အခုလို အမိန့်ချမှတ်လိုက်တာပါ။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကရင်နီလူငယ်ခွန်းသောမတ်စ်က “ကျနော်တို့ ပြောချင်တာက လွတ်လပ်စွာပြောဆိုခွင့်တွေ၊ လွတ်လပ်စွာရေးသားခွင့်တွေဆိုတာ ဒီမိုကရေစီရဲ့ အခြေခံသဘော တရားတွေဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့အခြေခံသဘောတရားကို ကျင့်သုံးတဲ့ အချိန်မှာ ဒီလိုအာဏာရှိတဲ့ ပုဂ္ဂိုလ်တွေက လိုသလိုစွဲတဲ့ပုံစံမျိုးနဲ့ ဥပဒေတွေကို အသုံးချပြီး လူငယ်တွေထုတွေကို ဖိနှိပ်တာကတော့ မမျှတဘူးလို့ ကျနော်တို့ ယူဆတယ်” လို့ပြောပါတယ်။

ဗိုလ်ချုပ်မြင်းစီးကြေးရုပ်တုကို ကန့်ကွက်နေရတာဟာ ကရင်နီအမျိုးသားရဲ့ ဂုဏ်သိက္ခာတွေနဲ့ တန်ဖိုးတွေကို တန်ဖိုးထားတဲ့အတွက် ကန့်ကွက်ရတာဖြစ်ကြောင်းနဲ့ တစုံတဦးကို မနာလိုမုန်းတီးပြီး ကန့်ကွက်နေတာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ 

ဒီခုလို ထောင်ဒဏ်ချမှတ်လိုက်တာဟာ နိုင်ငံသားဆိုင်ရာ အခွင့်အရေးချိုးဖောက်ခံရတာ ဖြစ်သလို ဒီမိုကရေစီအခွင့်အရေးဆုံးရှုံးခံရတာဖြစ်တယ်လို့  ကရင်နီလူငယ် ခူးကြူးဖဲကေးက ပြောပါတယ်။ 

“မျိုးသားတန်းတူရေးနဲ့ငြိမ်းချမ်းရေးကို ကြွေးကြော်ပြီးတက်လာတဲ့ အစိုးရလက်ထက်မှာ တိုင်းရင်းသားသမိုင်းနဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို တောင်းဆိုတဲ့သူတွေကို ထောင်တွင်း အကျဉ်းချတာက အင်မတန်မှ အရုပ်ဆိုးတဲ့ အချက်တချက်ဖြစ်ပါတယ်။”

ဒါဟာ လူနည်းစုဆိုင်ရာ အထူးအခွင့်အရေးကျင့်စဉ်တရပ် တိုင်းပြည်မှာ လိုအပ်နေပြီ လို့လည်း ပြောပါတယ်။

လူငယ် ၆ ဦးအတွက် သက်သေထွက်ဆိုပေးခဲ့တဲ့ LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ထင်အောင်က  ကရင်နီလူငယ် ၆ ဦးကို အခုလို ထောင်ဒဏ်ချမှတ်လိုက်တာဟာ မတရားမှုဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ 

“အခုလို ထောင်ဒဏ်ချမှတ်ခြင်းကတော့ လုံးဝတရားစီရင်ရေးကို အုပ်ချုပ်ရေးက လွှမ်းမိုး စွက်ဖက်မှုတွေနဲ့ နိုင်ငံသားတွေကို အနိုင်ကျင့်တာဖြစ်ပြီးတော့မှ နိုင်ငံသားတွေက ဥပဒေရဲ့ အကာကွယ်ကို မရရှိတဲ့အနေအထားကြောင့် ဒါကို ကျနော်တို့အပြစ်လို့ မယူဆဘူး လူငယ်တွေ ကတော့ မတရားခံရတယ်လို့ပဲ သုံးသပ်ပါတယ်။”

လူငယ်တွေကို အလုပ်နဲ့ထောင်ဒဏ်ချမှတ်လိုက်ပေမယ့် ချုပ်ရက်ကို ထုတ်နုတ်ကျခံဖို့ ဆုံးဖြစ်တဲ့အတွက် ထောင်ထဲမှာ နောက်ထပ် ၁ လကျော် ချုပ်နှောင်ခံရဦးမှာ ဖြစ်ပါတယ်။ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္တဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု  တည်ဆောက်ရေးကိစ္စနဲ့ပတ်သက်ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာခဲ့တာပါ။ 

ဒီထုတ်ပြန်ချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ မေ ၁၆ ရက်မှာ တရားစွဲဆိုခဲ့တာပါ။ 

ထောင်ဒဏ်ချခံရတဲ့ ကရင်နီလူငယ်တွေကတော့ ဗိုလ်ချုပ်ရုပ်တုကန့်ကွက်ရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ အမိန့်ချမှတ်အပြီး မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013