
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်ထဲက ထီးကလယ်ရွာနဲ့ ဝါးဖြူတောင် ဘုန်းကြီးကျောင်းကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၁၁ ရက် မနေ့ နေ့လယ်ပိုင်းက ဂျက်ဖိုက်တာ ၂ စင်းနဲ့ ပေါင် ၃၀၀ ဗုံး ၆ လုံး ကြဲချပြီး ပွိုင့် ၅ နဲ့လည်း ပစ်ခတ်ထိခိုက်သွားပေမဲ့ ထိခိုက်ပျက်စီးတာမရှိဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲမဖြစ်ပွားဘဲ လေယာဥ်နဲ့ လာပစ်တာ။ ထိခိုက်မှုမရှိဘူး။ ရွာအစွန်ဆို တော့ ဘာမှမထိခိုက်တာ။ နှစ်နေရာကို ကြဲတာပေါ့။ ဘုန်းကြီးကျောင်း သိမ်နားကိုကျတာလည်း ရှိတယ်” လို့ DVB ကို ပြောပါတယ်။
ညောင်လေးပင်ခရိုင်ထဲမှာ ကျောက်ကြီးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တို့ပါဝင်ပြီး အာဏာရှင်စစ်တပ်က ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကိုပါ ဗုံးကြဲတိုက်ခိုက်လေ့ရှိတာပါ။
ကျောက်ကြီးနဲ့ ရွှေကျင်အစပ်က ဝါးဖြူတောင်ဘုန်းကြီးကျောင်းနဲ့ ထီးကလယ်ရွာဟာ စစ်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ နေရာ ဖြစ်ပါတယ်။
KNU တပ်မဟာ ၃ မှာ ပဲခူးတိုင်းအရှေ့ဘက်ခြမ်း ညောင်လေးပင်၊ ကျောက်ကြီး၊ ရွှေကျင်၊ မုန်းမြို့နယ်နဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်အစပ် ဒေသတချို့ပါဝင်ပြီး စစ်ရေးတင်းမာနေသလို လေကြောင်းအန္တရာယ်ကြောင့် ဒေသခံတွေစိုးရိမ်ပူပန်နေရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။











