DVB Logo
Home
အာရှဒေသ
ကေမၻာဒီးယားက အာဂအမ်ဳိးသမီး တပ္ဘန္နီး
DVB
·
January 19, 2013
ကေမၻာဒီးယားက အာဂအမ်ဳိးသမီး တပ္ဘန္နီး
Donate to DVB

ရှေ့ဆုံးမှာ ရပ်နေသူက တပ်ဘန်နီးပါ၊ သူ့နောက်မှာတော့ လူ ၄၀၀ လောက် ရှိနေပါတယ်။ သူတို့အားလုံး မြေသိမ်းခံရတာကို မကျေနပ်လို့ ဒေါသတကြီးနဲ့ ဆန္ဒပြနေကြပါတယ်။ဆန္ဒပြနေတဲ့ လူအုပ်ကို တပ်ဘန်နီးကနေ အခုလို မိန့်ခွန်းပြောလိုက်ပါတယ်။

"ကျမတို့ရဲ့လူ့အခွင့်အရေးတွေကို မလေးမစား လုပ်တယ်။ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှု အောက်မှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေတယ်။ တရားမျှတမှုကို လိုချင်တယ် သင့်တော်တဲ့ အိမ်တွေ လိုချင်ပါတယ်။"

အဲဒီနောက် ဆန္ဒပြပွဲကို လူစုခွဲဖို့ ရောက်နေပါတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေဘက်ကို မျက်နှာမူလိုက်ပါတယ်။

"ကျမတို့ရဲ့တောင်းဆိုချက်တွေကို မထောက်ခံတဲ့ အပြင် ဖမ်းပြီးထောင်ချတယ်၊ ကျမတို့ရဲ့ မိတ်ဆွေတွေအားလုံးကို ပြန်လွှတ်ပေးပါ။"

ကမ္ဘောဒီးယားမှာ မြေသိမ်းခံရတဲ့ လယ်သမားတွေဘက်ကနေ ခုခံဆောင်ရွက်ပေးနေတဲ့ တက်ကြွလှုပ်ရှားသူ တပ်ဘန်နီးဟာ ဒီနှစ် ဧပြီလထဲမှာ အမေရိကန်ပြည်ထောင်စုကို သွားပြီး ဆုလက်ခံယူဖို့ ရှိနေပါတယ်။

သူ့ကို ချီးမြှင့်မယ် Global Leadership Award ဆိုတာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးအတွက် ရွပ်ရွပ်ချွံချွံဆောင်ရွက်တဲ့ အမျိုးသမီးတွေကို ချီးမြှင့်ပေးနေတဲ့ဆု ဖြစ်ပါတယ်။ တပ်ဘန်နီး ဟာ  မြေသိမ်းခံရတဲ့ အမျိုးသမီး ၁၃ ယောက်နဲ့ ဖွဲ့ထားတဲ့ (Boeung Kak 13) အဖွဲ့ကို ခေါင်းဆောင်ပါတယ်။ သူတို့အားလုံး ဘန်ကက် ရေကန်ကြီးဘေးမှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ရေကန်နားတ၀ိုက်ကို ကုန်သွယ်ရေးနဲ့ အိုးအိမ်စီမံကိန်းလုပ်ဖို့အစိုးရက မြေငှားရမ်း လိုက်တာပါ၊၊ ဒါပေမယ့် မြေတွေ အသိမ်းခံရပြီး လျော်ကြေးမရသူတွေလည်း အများအပြားရှိပါတယ်။ လောလောဆယ်မှာ မိသားစုပေါင်း ၈၀၀ က ရေကန်တ၀ိုက်ကနေ သူတို့ပစ္စည်းတွေကို ပြောင်းရွှေ့မပေးဘဲ တင်းခံနေကြပါတယ်။ မနှစ်မေလတုန်းက တပ်ဘန်နီး အပါအ၀င် အမျိုးသမီး ၁၃ ယောက်က မြေသိမ်းခံရတဲ့ မိသားစုတွေ ကိုယ်စား ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေက သူတို့ကို ဖမ်းပြီး ထောင်ချလိုက်ပါတယ်။ဒီကိစ္စကို ဖိအားပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အစိုးရကို ဖိအားပေးခဲ့ကြပါတယ်။ ၁ လ အကြာမှာတော့ ကမ္ဘောဒီးယား အယူခံတရားရုံးကနေ ဘန်နီးနဲ့ အဖွဲ့ကို ပြန်လွှတ်ပေး လိုက်ပါတယ်။

ဘန်နီးက "အယူခံတရားရုံးရဲ့ဆုံးဖြတ်ချက်က ကျမတို့ အပေါ်မှာ တရားမျှတမှု ရှိပါတယ်။ တိုက်စရာရှိတာတော့ ဆက်တိုက်ရမှာပဲ၊ ဒါပေမယ့် ရုံးကြီးက ကျမတို့အပေါ် စီရင်ချက်ချတာကတော့ မတရားဘူး။ လက်မခံနိုင်ဘူး" လို့ ပြောပါတယ်။

တပ်ဘန်နီး ကလည်း ဘန်ကက် ရေကန်ကြီးဘေးမှာပဲ နေထိုင်ပါတယ်။ အခုတော့ အမေရိကန်ကို သွားပြီး Global Leadership Award ဆုကို လက်ခံတဲ့အခါ သူတို့ရဲ့ဆန္ဒပြပွဲတွေအကြောင်း ရိုက်ထားတဲ့ ဒီဗွီဒီအခွေတွေ ယူသွားမှာမို့ အလုပ်ရှုပ်နေတယ်။ ဓာတ်ပုံ ၁ ပုံထဲမှာ တပ်ဘန်နီးနဲ့ တခြားဆန္ဒပြသမားတွေက အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ရဲ့ဓာတ်ပုံတွေကို ကိုင်ထားကြပါတယ်။
အဲဒီတုန်းက အာဆီယံ ထိပ်သီးဆွေးနွေးပွဲကျင်းပတဲ့ အချိန်ပါ၊၊ ဆန္ဒပြသမားတွေက အရေးပေါ်အခြေအနေဆိုတဲ့ သဘောပေါ်လွင်အောင် S.O.S စာလုံးတွေ ပါတဲ့ ဆိုင်းဘုတ်တွေ လည်း ကိုင်ထားကြပါတယ်။

"ကျမတို့ ရပ်ကွက်မှာ မတရားမြေသိမ်းတာတွေကို အမေရိကန်အစိုးရ အရာရှိတွေကို သိစေချင်ပါတယ်။ ရေကန်ဘေးမှာ နေကြတဲ့ ကျမတို့ ဒေသခံတွေရဲ့အခက်အခဲတွေကို တင်ပြမယ်။"

"ကျမတို့လို လှုပ်ရှားတက်ကြွသူတွေကို ဖမ်းထားတာကို တင်ပြမယ်။ ကျမတို့နိုင်ငံက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အခြေအနေကို အနီးကပ်စောင့်ကြည့်ဖို့ အမေရိကန် ခေါင်းဆောင် တွေကို တိုက်တွန်းမယ်။"

တပ်ဘန်နီးကို အခုလို အမေရိကန်နိုင်ငံက ဆုချီးမြှင့်တဲ့အတွက် ကမ္ဘောဒီးယား တက်ကြွလှုပ်ရှားသူတွေအတွက်ကတော့ အင်အားတရပ်ပဲလို့ လေ့လာသုံးသပ်သူ ချူးဘန်းနတ် က ပြောပါတယ်။

"အခုလို ဆုချီးမြှင့်လိုက်တော့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတွေ အတွက် ဂုဏ်ယူစရာပေါ့၊၊ မြေသိမ်းခံရတာကို အာခံနေတဲ့ တိုက်ပွဲက တရားမျှတတယ်ဆိုတဲ့ သဘောလည်း ဖြစ်သွားတာပါ၊၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ညီညွတ်ပါတယ်။ အကြမ်းမဖက် တိုက်ပွဲဝင်တဲ့ လှုပ်ရှားမှုကို လွတ်မြောက်ရေးတိုက်ပွဲဝင် သူရဲကောင်းတွေလို့ အသိအမှတ်ပြုရာလည်း ရောက်ပါတယ်။"

တပ်ဘန်နီးရဲ့ခင်ပွန်း အိုဆွတ်ချူးကတော့ ကမ္ဘောဒီးယားစစ်တပ်က အရာရှိ တယောက်ဖြစ်နေပါတယ်။ သူ့အမျိုးသမီးရဲ့တိုက်ပွဲက ကမ္ဘောဒီးယားမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ပြောပါတယ်။

“ကျနော်အမျိုးသမီးကို နိုင်ငံတကာကနေ ဆုချီးမြှင့်တာကတော့ သူ့အတွက်ရော၊ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက်ပါ ဂုဏ်ယူစရာပေါ့ဗျာ၊၊ ကျနော် အမျိုးသမီးနဲ့ ကျနော်တို့ ဒေသခံတွေရဲ့အိမ်မပြောင်းရရေး တိုက်ပွဲကို အသိအမှတ်ပြုလိုက်တာပါပဲ။”

ဆုရပြီးရင်လည်း တိုက်ပွဲက မပြီးသေးဘူးလို့ တပ်ဘန်နီးက ပြောပါတယ်။

"ကျမတို့ရဲ့လှုပ်ရှားမှုတွေကို တိုးချဲ့သွားမယ်။ အိမ်မပြောင်းရရေးနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ အတွက် တနိုင်ငံလုံးမှာ ကွန်ရက်တွေ ချိတ်ဆက်မယ်။ ကျမတို့ ရပ်ကွက်နေ ပြည်သူတွေ ထိုက်ထိုက်တန်တန် အခြေအနေကို ပြန်မရမချင်း ဆိုက်ပြီးတော့ တိုက်ပွဲဝင် သွားမယ်။"

(Borin Noun  ရေးသည့် Cambodian Land Rights Activist to Receive International Award သတင်းဆောင်းပါးကို ဘာသာပြန်ပါသည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013