အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် မိသားစုတောင်းဆို
နော်နိုရင်း
·
November 6, 2019
ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မိသားစုဝင်နဲ့ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တောင်းဆိုပါတယ်။
ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနဲ့ အိန္ဒိယနိုင်ငံသား ၅ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးဟာ နိုဝင်ဘာ ၃ ရက်နေ့က အမြန်ရေယာဉ်နှစ်စီးနဲ့ ပလက်ဝမှ ကျောက်တော်သို့ အသွားလမ်းခရီးမှာ အေအေ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဖမ်းဆီးခံရသူ ၁၀ ဦးထဲက ၉ ဦးကို အေအေက ပြန်လွှတ်ပေးလိုက်ပြီး အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်းကိုတော့ ဆက်လက်ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့ ဦးဝှေ့တင်းရဲ့ ယောက္ခမ ဦးအောင်ကြီးက ပြောပါတယ်။
“အခုအခြေအနေမှာကတော့ သူဘယ်မှာ ရှိနေတယ်ဆိုတာကိုလည်း ကျနော်တို့ မသိနိုင် သလို အွန်လိုင်းတွေပေါ်မှာလည်း အမျိုးမျိုးမြင်တွေ့နေရတယ်။ အေအေက ပြောရေးဆိုခွင့်ရှိတဲ့ ဦးခိုင်သုခရဲ့ အပြောအရ ဒေါက်တာ အေးမောင်တို့။ နောက်ပြီးတော့ ထွန်းမြတ်နိုင်ရဲ့ ညီမတို့ ယောက်ဖတို့ အဲဒါသူတို့ကို လွှတ်ပေးမှဘဲ အန်အယ်ဒီအမတ်ကို လွှတ်ပေးမယ် ဘာညာတွေဆိုတော့ ကျနော်တို့တအားစိုးရိမ်တာပေါ့။ ရှင်းရှင်း ပြောရရင်တော့ ကျနော်တို့ ခူမီးနဲ့ရခိုင်တွေ အေးအေးလူလူ နေနိုင်အောင်တော့ စဉ်းစားပေးပြီးမှ ပြန်လွှတ်ပေးဖို့ ကျနော်တို့က ဆောင်းဆိုချင်တယ်။ ”
ဒါ့အပြင် ဖမ်းဆီးခံရတဲ့ စက်လှေ ၂စီးထဲက တစီး ဒီကနေ့ နေ့ခင်းပိုင်းက ပြန်လည်ရောက်ရှိ လာပေမယ့် ဦးဝှေ့တင်းမပါလာတဲ့အတွက် ပိုပြီးစိုးရိမ်တယ်လို့ ပြောပါတယ်။
“အခုသူတို့သွားတဲ့ စပိဘုတ်တစီးတော့ ပြန်ရောက်ပြီ။ သူတို့စက်မောင်းသူ ပါလာတယ်။ တခြားလူမပါလာဘူး။ အခုန ၁၁ နာရီခွဲလောက်ကပဲ ပြန်ရောက်တယ်။ အဲဒီစက်လှေသမားတွေဆီ ကိုလည်း ကျနော်တို့က သွားမမေးဘူး။ မေးဖို့လည်းပဲ မသင့်တော်ဘူးဆိုပြီးမှ မမေးတော့ဘူး။ ကျနော်တို့ သိပ်ပြီးမှာ ရှုပ်ရှုပ် ယှက်ယှက်မဖြစ်ချင်တော့ဘူး။”
ချင်းပြည်နယ် ပလက်ဝမြို့မှာ ချင်းလူမျိုးတွေနဲ့ ရခိုင်လူမျိုးအတူတကွ ချစ်ချစ်ခင်ခင် နေထိုင်လာရာကနေ အခုလို ဖြစ်စဉ်ဖြစ်ပေါ်လာတဲ့အတွက် ဝမ်းနည်းရကြောင်းလည်း ဦးအောင်ကြီးက ပြောပါတယ်။
“ကျနော်တို့ ပလက်ဝမြို့နယ်မှာ ခူးမီးရယ်၊ ရခိုင်ရယ် အေးအေးလူလူ နေကြတဲ့ဥစ္စာကို အခုလို အထင်လွှဲအမြင်လွှဲ အမျိုးမျိုးစွပ်စွဲပြီးမှ အဲဒီလိုလုပ်တာတော့ ကျနော်တို့ တကယ့် ဝမ်းနည်းတယ်။ ဒါမဖြစ်သင့်တဲ့အလုပ်ပဲလို့ ကျနော်တို့ ခံစားတယ်။ ဒါတမင်ကို အကွက်ဆင်ပြီးမှ လုပ်နေတဲ့ သဘောပဲ။ ကျနော်တို့ ရခိုင်တွေနဲ့လည်း ဆွေမကင်းမျိုးမကင်းနေကြတာပါ။ အခုလို ဖြစ်တဲ့အခါကျတော့ ကျနော်အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။”
ဒါ့အပြင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလည်း ဖမ်းဆီးခံရတဲ့ ဦးဝှေ့တင်း အတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
“ကျနော်တို့လည်း တိုင်းရင်းသားနိုင်ငံရေးပါတီတခုပဲ။ ဆိုတော့ တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့က Mission ချင်းတော့ မတူဘူး။ သူတို့က လက်နက်ကိုင်လမ်းကြောင်းနဲ့သွားတယ်။ ကျနော်တို့က ရွေးကောက်ပွဲနဲ့သွားတယ်။ ဒါပေမယ့် သဘောရိုးနဲ့ပြောရင် အားလုံးက ကျနော်တို့ ဖယ်ဒရယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဦးတည်ကြတာပဲကိုး၊ အဲဒီနေရာမှာ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းတယ်ဆိုတာကို ကျနော်တို့ လက်မခံပေး နိုင်ဘူး။ ကျနော်တို့ဆီမှာက သက်တမ်းက နုသေးတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက် တင်မြှောက်ထာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင်မှ ဒီလိုပြုရဲတယ်ဆိုရင် ဒီမိုကရေစီရေး အတွက် မကောင်းဘူး။ ကျနော်တို့ကတော့ စိုးရိမ်ပူပန်တယ်။ နောက်ပြီးတော့ အမြန်ဆုံး လွှတ်ပေးသင့်တယ်။ ”
ဖမ်ဆီးထားသူတွေထဲက ၉ ဦးကို အေအေက ဖမ်းဆီးပြန်လွှတ်ပေးခဲ့ပြီး အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကိုတော့ ဆက်လက်ဖမ်းဆီးထားကာ အိန္ဒိယနိုင်ငံသား ၁ ဦးက နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။