DVB Logo
Home
အာရှဒေသ
တာလီဘန်ခေတ်အလွန် ခေတ်စားလာတဲ့ ခွေးနှစ်ကောင်ကိုက်တဲ့ပွဲ
DVB
·
January 18, 2013
တာလီဘန်ခေတ်အလွန် ခေတ်စားလာတဲ့ ခွေးနှစ်ကောင်ကိုက်တဲ့ပွဲ
Donate to DVB

ဆောင်းရာသီ နေ့ခင်း ၂ နာရီအချိန် ဖြစ်ပါတယ်။ ကဘူးလ်မြို့ထဲက ဘက်သယား ပန်းခြံထဲမှာ လူ ၁ ထောင်လောက် စုရုံးနေကြပါတယ်။ တချို့တွေက အနွေးထည်တွေ ၀တ်ထားကြသလိုနဲ့ စောင်ခြုံထားသူတွေလည်း ရှိပါတယ်။ ဒီလူတွေအားလုံးက ပန်းခြံထဲမှာ ခွေးနှစ်ကောင်ကိုက်တဲ့ပွဲကို ကြည့်ဖို့ ရောက်နေကြတာပါ။

ပရိသတ်တွေထဲမှာ အလွှာစုံပါပဲ။ တချို့ အစိုးရအရာရှိတွေလည်း ခွေးနှစ်ကောင်ကိုက်တဲ့ပွဲကို အားပေးဖို့ ရောက်နေပါတယ်။

တာလီဘန်တွေခေတ်တုန်းကတော့ ဒီလို ကစားနည်းမျိုးဟာ အစ္စလာမ်ဘာသာရဲ့ အဆုံးအမတွေနဲ့ မညီညွတ်တာကြောင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက တာလီဘန်တွေခေတ် နိဂုံးချုပ်သွားတဲ့အခါမှာ ခွေးတိုက်ပွဲတွေ တကျော့ပြန် ခေတ်စားလာပါတယ်။ လောင်းကြေးငွေတွေကလည်း အမေရိကန်ဒေါ်လာနဲ့တောင် သောင်းချီရှိပါတယ်။ ဒီနေ့ ခွေးတိုက်ပွဲမှာ အသက် ၃၂ နှစ်အရွယ် နာရတ်အာမက်ရဲ့ ခွေးနဲ့ နောက်ခွေးတကောင်နဲ့ ကိုက်ကြမှာ ဖြစ်ပါတယ်။

"တာလီဘန်တွေခေတ်တုန်းက ခွေးတိုက်ပွဲကို ပိတ်ပင်ခဲ့တယ်။ အခုတော့ ဒီမိုကရေစီရသွားပြီ၊ လူတိုင်းက ကိုယ့်ဝါသနာနဲ့ ကိုယ်ကြိုက်တာ လုပ်လို့ရသွားပြီ"  လို့ နာရတ် အာမက်က  ပြောပြပါတယ်။

"အစိုးရအရာရှိတွေတောင်မှ ခွေးတိုက်ပွဲမှာ ပါကြပါတယ်။ အမေရိကန် ဒေါ်လာ ၉ ထောင် ကျော်ကျော်တောင် လောင်းကြေးထပ်သွားသေးတယ်" လို့ ဆိုပါတယ်။

ကဘူးလ်မြို့မှာ အပတ်စဉ် သောကြာနေ့တိုင်း ခွေးတိုက်ပွဲ ရှိပါတယ်။ အာဖဂန်နစ္စတန်မှာ ဘုရားဝတ်ပြုတဲ့ရက်လည်း ဖြစ်သလို အားလပ်ရက်လည်း ဖြစ်ပါတယ်။

ခွေးတိုက်ပွဲမှာ  ပွဲချင်းပြီး သေတဲ့အထိ မကိုက်ကြပေမယ့် ရသွားတဲ့ ဒဏ်ရာတွေကတော့ သေလောက်ပါတယ်။ စီးပွားရေးသမား ဇယ်မေး အာဇာရီကတော့ တိုက်ခွေးမွေးရတာ အကုန်အကျများတဲ့အကြောင်း ပြောပြပါတယ်။

"တိုက်ခွေးတကောင် မွေးထားရင် ခွေးကို တိုက်ပွဲမ၀င်ခင် လေ့ကျင့်ပေးရတာ အကုန်အကျ များတယ်ဗျ။ ကျနော့် ခွေးက ရှုံးမှာပေါ့ဗျ။ တဖက်က ခွေးက ကျနော့်ခွေးထက် ၂ ဆလောက် ကြီးနေတယ်။"

ခွေးကို တနေ့မှာ ၅ ဒေါ်လာဖိုးလောက် ကျွေးရတယ်လို့လည်း ပြောပါတယ်။ နေ့စဉ် ကြက်ဥ ၁၀ လုံးနဲ့ နွားနို့ ၁ လီတာ ပုံမှန်တိုက်ရသလို လေ့ကျင်ခန်းအနေနဲ့ ပန်းခြံထဲမှာ ပုံမှန်ပြေးခိုင်းရတာမျိုးလည်း ရှိပါတယ်။

လူတော်တော်များများကတော့ ခွေးတိုက်ပွဲတွေကို ပိတ်ပင်သင့်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တိရစ္ဆာန်တွေကို ကာကွယ်ပေးဖို့ စည်းရုံးလှုပ်ရှားတဲ့အဖွဲ့တွေတော့ မရှိပါဘူး။

တက္ကသိုလ်ကျောင်းသား ရိုဟူးလာ အမင်းက "အခုနှစ်တွေအတွင်းမှာ ခွေးတိုက်ပွဲတွေက ပိုပြီးတော့ ခေတ်စားလာတယ်။ ဒါပေမယ့် ဒါမျိုးပွဲတွေ အင်မတန်ဆိုးရွားပြီး အင်မတန် လူသားမဆန်တဲ့ အပြုအမူတွေနဲ့ ၀ါသနာတွေပါဗျာ” လို့ ပြောပါတယ်။

"ကျနော်တို့ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာတရားကလည်း ဒီလိုဝါသနာမျိုးကို လုံးဝ ပိတ်ပင်ထားပါတယ်။ တိရစ္ဆာန်တွေကို အတင်းအကျပ် တိုက်ခိုက်ခိုင်းတာကို အကုသိုလ်တရားလို့ တမန်တော် မိုဟာမက်က ဆုံးမထားပါတယ်။"

အရင်တုန်းကတော့ ခွေးတိုက်ပွဲတွေ နယ်ဘက်က ဒေသတွေလောက်မှာပဲ ရှိခဲ့ပေမယ့် အခုတော့ ကဘူးလ်မြို့က လူနေရပ်ကွက်တွေအနားအထိ ရောက်လာတာပါ။

ခွေးတိုက်ပွဲတွေလုပ်တဲ့ ပန်းခြံနားမှာ နေတဲ့  မူဂျပ် ဘာရက်စ်က "ဒီမှာ လူစုလူဝေးနဲ့ ဆူညံနေတာပဲဗျာ။ ခွေးတိုက်ပွဲ လာကြည့်ကြတဲ့ လူတွေက များလွန်းသလောက် ပတ်ဝန်းကျင်က လူတွေကို ဒုက္ခပေးတယ်ဗျ၊၊ ကျနော်တို့ ကလေးတွေနဲ့ အမျိုးသမီးတွေဆိုရင် အနီးအနားက မဖြတ်ရဲကြတော့ဘူး။ ခွေးပိုင်းရှင်တွေက အာကြမ်းလျာကြမ်းနဲ့ အော်ဟစ်၊ ဆဲဆိုနေကြတာကလည်း ကလေးတွေအတွက် မကောင်းပါဘူးဗျာ" လို့ ပြောပါတယ်။

ပန်းခြံနားမှာ နေတဲ့ အသက် ၃၀ အရွယ် ဆလီဟာ မိုဟာမက်ကလည်း "ပန်းခြံထဲမှာ ခွေးတိုက်ပွဲ လုပ်နေတော့ လူတွေက အများကြီးပဲ။ မိန်းကလေးတွေ ဖြတ်သွားရင် သူတို့က စော်ကားမော်ကားနဲ့ လှောင်ပြောင်တာ ထုံးစံပဲ။ ကျမကို မဟုတ်မတရားတွေ ပြောပြီးတော့ စော်ကားတယ်။ ဒီနေရာမှာ ခွေးတိုက်ပွဲတွေကို ခွင့်မပြုဖို့ အစိုးရကို ကျမ တောင်းဆိုပါတယ်"   လို့ ပြောပါတယ်။

ကဘူးလ်မြို့က ရဲမှူးကြီး ဇာဟာကတော့ လူတွေနေတဲ့ အနီးအနားမှာ ခွေးတိုက်ပွဲတွေ မလုပ်အောင် အမြန် အရေးယူဆောင်ရွက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ ခွေးတိုက်ပွဲတွေကို ပိတ်ပင်မလဲဆိုတဲ့ အစီအစဉ်တွေကတော့ မရှိသေးပါဘူး။

အသက် ၃၅ နှစ်အရွယ် ခွေးပိုင်ရှင် ဇိယဲလ်ဟတ် ရာဇာဆိုရင် ကီလိုမီတာ ၂၅၀ လောက်ဝေးတဲ့ နေရာကနေ ကဘူးလ်မြို့ကို ခွေးတိုက်ဖို့ လာခဲ့ပါတာလို့ ဆိုပါတယ်။

"ခွေးတိုက်ပွဲတွေကို ပိတ်လိုက်ရင် အစိုးရအရာရှိတွေလည်း သူတို့ခွေးတွေကို တိုက်လို့ ဘယ်ရတော့မလဲ၊ လူတိုင်းက ကိုယ့်ဝါသနာနဲ့ ကိုယ်ပဲလေ၊ ကျနော့် ၀ါသနာက ခွေးတိုက်တာ၊ ကျနော့် စီးပွားရေးကလည်း ဒါပဲ။"

( Ghayor Waziri ရေးသည့် Afghan’s Weekly Dog Fights on the Rise သတင်းဆောင်းပါးကို ဘာသာပြန်ပါသည်။)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013