မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ရန် အမေရိကန်က ဒေါ်လာ ၁၆၅ သန်း ကူညီမည်
DVB
·
November 5, 2019

မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုကို မြှင့်တင်ဖို့အတွက် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ က ကန် ဒေါ်လာ ၁၆၅ သန်းတန် အစီအစဉ်တခု လုပ်ဆောင်ဖို့ရှိတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။
ဒါဟာ ဒေသတွင်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အားလုံးအကျုံးဝင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ကူညီနေတဲ့အနေနဲ့ လုပ်ဆောင် ပေးတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အမေရိကန် ကုမ္ပဏီတွေက အလိုက်သင့် တုံ့ပြန်နေကြပြီး မြန်မာနိုင်ငံအတွင်း ဒီပြုပြင်ပြောင်းလဲမှုတွေကို နည်းပညာ အကူအညီတွေကတဆင့် အမေရိကန်ပြည်ထောင်စုက အားပေးကူညီနေတယ်လို့လည်း သံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်စတေးဝဲလ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒီသတင်း ထွက်ပေါ်လာတာပါ။
အောက်တိုဘာ ၂၉ ရက်က နေပြည်တော်မှာ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရက်တစ် အပြောင်းအလဲနဲ့ စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်အားပေး ထောက်ခံကြောင်းနဲ့ တာဝန်သိရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဝေလ်ဘာရော့စ်ဟာလည်း မြန်မာစီးပွားရေးအဖွဲ့ ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပနေတဲ့ အင်ဒို-ပစိဖိတ် စီးပွားရေးဖိုရမ်မှာ တွေ့ဆုံခဲ့တယ်လို့ အမေရိကန် သံရုံးကထုတ်ပြန်ထားပါတယ်။
ကိုကာကိုလာ၊ ရှဲဗရွန်၊ ဘောလ်၊ ဖို့ဒ်နဲ့ တီပီဂျီရဲ့ အပိုလိုတာဝါစတဲ့ အကြီးဆုံး အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီး ၅ ခုက မြန်မာနိုင်ငံမှာ ဒေါ်လာ ၁.၅ ဘီလီယံ ကျော် ရင်းနှီးမြှုပ်နှံထား သလို အာဆီယံဒေသတွင်းမှာ ပထမဆုံး အမေရိကန်စီးပွားရေး ကော်နာကိုလည်း မန္တလေးမှာ ဒီနှစ် ဆန်းပိုင်းက ဖွင့်ခဲ့ပါတယ်။