ထိုင်းက တင်သွင်းသည့် အိုဗာတင်းထုတ်ကုန်များ မြန်မာဈေးကွက်၌ ဖြန့်ဖြူးရောင်းချခြင်း ရပ်ဆိုင်း

မြန်မာပြည် ဈေးကွက်အတွင်း ထိုင်းနိုင်ငံမှ တင်သွင်းလာတဲ့ Ovaltine (အိုဗာတင်း) ထုတ်ကုန်တွေ ဖြန့်ဖြူး ရောင်းချတာကို ရပ်ဆိုင်းလိုက်တယ်လို့ DKSH (Myanmar) Limited က နို၀င်ဘာ ၁၈ ရက် နိုင်ငံပိုင်သတင်းစာကနေ ကြေညာထားပါတယ်။
ဒီ အိုဗာတင်း အမှတ်တံဆိပ်ထုတ်ကုန်တွေကို DKSH (Myanmar) က ၂၀၁၉ နို၀င်ဘာကစပြီး မြန်မာဈေးကွက်ထဲမှာ တရား၀င် ဖြန့်ဖြူးရောင်းချတာ ဖြစ်ပါတယ်။
စီးပွားရေးကျပ်တည်းမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့အချိန် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ က စပြီး DKSH (Myanmar) ဟာ AB Food & Beverages (Thailand) Ltd နဲ့ သဘောတူစာချုပ် ရပ်စဲခဲ့ပါတယ်။ ဒီနောက် အောက်တိုဘာလကုန်ကစလို့ အိုဗာတင်းထုတ်ကုန်တွေကို ထိုင်းကနေ တင်သွင်းပြီး မြန်မာဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချတာတွေ မလုပ်တော့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာဈေးကွက်ထဲမှာ နောက်ဆုံး ဖြန့်ဖြူးထားတဲ့ အိုဗာတင်းထုတ်ကုန်တွေကတော့ Batch (Batch No. 260320 / EXP: 19 Mar 2028) ဖြစ်ပြီး အောက်တိုဘာလကုန်နောက်ပိုင်း ဖြန့်ဖြူးထားတဲ့ ထုတ်ကုန်တွေဟာ ကုမ္ပဏီနဲ့ ဘာမှ မသက်ဆိုင်ကြောင်း အသိပေးပါတယ်။
အောက်တိုဘာလကုန်နောက်ပိုင်း အိုဗာတင်းထုတ်ကုန်တွေ ရောင်းချ ဖြန့်ဖြူးရာမှာ DKSH ကုမ္ပဏီအမည်၊ အမှတ်တံဆိပ်နဲ့ လိုဂို ဒါမှမဟုတ် တခြားသက်သေခံအမှတ်အသားတွေ အသုံးပြုဖို့ ခွင့်ပြုထားတာ မရှိပါဘူး။
ခွင့်ပြုချက်မရှိဘဲ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချတာ သိရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးပါတယ်။
အိုဗာတင်းထုတ်ကုန်တွေကို ထိုင်းနိုင်ငံမှာ AB Food & Beverages (Thailand) Ltd.အမည်နဲ့ လုပ်ငန်းလည်ပတ်နေပြီး မြန်မာအလုပ်သမားသိန်းနဲ့ချီ ရှိတဲ့ စမွတ်ပရာကန်မှာ အိုဗာတင်းစက်ရုံကနေ အရှေ့တောင်အာရှ ဈေးကွက်ထဲ ထုတ်ကုန်တွေ ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာလည်း မြန်မာဈေးကွက်ထဲ လူကြိုက်များတဲ့ အမှတ်တံဆိပ်ပါ ထုတ်ကုန်အတုတွေ မိတဲ့သတင်းတွေကို ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
Source: MOI











