DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ ရှိမည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် အတည်ပြု
DVB
·
November 5, 2019
၂၀၂၀ ရွေးကောက်ပွဲတွင် တပ်တွင်းမဲရုံများ ရှိမည်မဟုတ်ဟု ရွေးကောက်ပွဲကော်မရှင် အတည်ပြု
Donate to DVB

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တပ်တွင်းမဲရုံတွေ ရှိတော့မှာမဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရသူက အတည်ပြုပြောပါတယ်။

၅ ကြိမ်မြောက်ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေမှာ ဆန္ဒမဲပေးတဲ့ အခန်းကဏ္ဍကို အစားထိုးဖြည့်စွက်လိုက်တာပါ။ ကော်မရှင်ပြောခွင့်ရသူ ဦးမြင့်နိုင်က “နည်းဥပဒေမှာ ပါတဲ့ အတိုင်းပါပဲ။” လို့ ဒီဗွီဘီကို ပြောပါတယ်။

နည်းဥပဒေ၊ အခန်း ၁၀၊ ဆန္ဒမဲပေးခြင်း၊ နည်းဥပဒေ ၃၉ မှာ အရင်ကဆိုရင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဟာ မဲပေးမယ့်သူဦးရေကိုလိုက်ပြီး မဲရုံတွေ လိုအပ်သလို သတ်မှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။

အခုတော့ ကော်မရှင်ရဲ့ တာဝန်ပေးချက်နဲ့အညီ တပ်မတော်သားတွေနဲ့ သူတို့နဲ့ အတူ နေထိုင်ကြတဲ့ အိမ်ထောင်စုဝင်တွေ နေထိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေအတွက် မဲရုံနေရာ သတ်မှတ်ရာမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုထဲက မဲဆန္ဒရှင်တွေနဲ့အတူ ဆန္ဒမဲပေးနိုင်ဖို့ ၊ ပွင့်လင်းမြင်သာမှုရှိစေဖို့၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ စတဲ့သူတွေ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်မယ့် အဲဒီ တပ်ရင်း တပ်ဖွဲ့ရဲ့ အပြင်ဘက် သင့်တော်တဲ့ နေရာမှာ သတ်မှတ်ပေးရမယ်လို့ အစားထိုး လိုက်တာပါ။

ဒါ့အပြင် အရင်ကနည်းဥပဒေမှာ ကြိုတင်မဲပေးမယ့် မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သား တွေနဲ့ အတူနေ အိမ်ထောင်စုဝင်တွေအတွက် သက်ဆိုင်ရာ တပ်ဖွဲ့မှာ တာဝန်အရှိဆုံးသူက စီစဉ်ပေးတဲ့ နေရာမှာ မဲပေးရမယ်လို့ ပြဋ္ဌာန်းထားပြီး အခုတော့ ကော်မရှင်က သတ်မှတ်ပေးတဲ့ နေ့ရက်နဲ့ အချိန်အတွင်းမှာ သက်ဆိုင်ရာ တပ်ဖွဲ့မှာ တာဝန်အရှိဆုံးသူက စီစဉ်ပေးတဲ့ နေရာမှာ မဲပေးရမယ်လို့ အစားထိုး ပြင်ဆင်လိုက်ပါတယ်။

ကြိုတင်ဆန္ဒမဲပေးမယ့် မဲဆန္ဒနယ် ပြင်ပရောက် တပ်မတော်သားတွေနဲ့ အတူနေ အိမ်ထောင်စုဝင်တွေနဲ့ ပတ်သက်လို့လည်း ကော်မရှင် ရုံးခွဲတွေမှာ ကြေညာကပ်ထားဖို့ အစားထိုး ပြင်ဆင်ထားပါတယ်။

ဆန္ဒမပြုခင်မှာ အကြောင်းကြောင်းကြောင့် မဲလက်မှတ် ပျက်စီးသွားရင်လည်း အသစ်ပြန်ထုတ်ပေးဖို့ အခု ပြင်ဆင်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးတော့ အရင်ကဆိုရင် ကိုယ့်ရဲ့ မဲဆန္ဒနယ်ထဲကနေ ရက်ပေါင်း ၁၈၀ အပြင်ကို ရောက်နေသူတွေဟာ ကိုယ့်ရဲ့ အမြဲတမ်းနေရပ်ကို မဲသွားမပေးချင်ဘူးဆိုရင် ရောက်နေတဲ့ နေရာမှာပဲ မဲပေးနိုင်အောင် စီစဉ်နိုင်ပြီး အခုတော့ ရက်ပေါင်း ၁၈၀ ဆိုတဲ့နေရာမှာ ရက်ပေါင်း ၉၀ လို့ အစားထိုးလိုက်ပါတယ်။

တပ်မတော်အနေနဲ့ အပြင်ထွက်ပြီး မဲပေးရရင် အခက်အခဲတွေရှိတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ အခု နည်းဥပဒေ ၅ ကြိမ်မြောက် ပြင်ဆင်တာကို အောက်တိုဘာ ၃ ရက်ကတည်းက အမိန့်စာထုတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013