DVB Logo
Home
Lead Story
ကမ္ဘာမြေသို့ လာခြင်းကောင်းခဲ့သော မိုးဇလသူရဲကောင်း - (အယ်ဒီတာအာဘော်) 
DVB
·
November 5, 2019
ကမ္ဘာမြေသို့ လာခြင်းကောင်းခဲ့သော မိုးဇလသူရဲကောင်း - (အယ်ဒီတာအာဘော်) 
Donate to DVB

လူ့ဘဝသည် ပုခက်နှင့် ခေါင်းကြားဟူ၍ ဆိုခဲ့ကြသော်လည်း ပုခက်နှင့် ခေါင်းကြားကို ကျော်ခဲ့ကြသူတို့လည်း ရှိခဲ့သည်။ မြင့်မြတ်သောမြေပြင်၌ မွေးဖွား၍ ဤကမ္ဘာမြေပြင်သို့ လာခြင်း ကောင်းကြသူများလည်း ရှိခဲ့သည်။

အချို့က လာခြင်း ကောင်းသော်လည်း ပြန်ခြင်း မကောင်းခဲ့ကြ။ လာခြင်းလည်း ကောင်း၍ ပြန်ခြင်း ကောင်းကြသူတို့မှာ သူတို့ ကျင်လည်ရာ လူ့အဖွဲ့အစည်း၊ သို့မဟုတ် လောကအတွက် ကောင်းကျိုးဆောင်ခဲ့ကြသည်သာ။ လောကဟိတကို စောင့်ရှောက်ကြသူတို့သာ လာခြင်းကောင်း၍ ပြန်ခြင်းလည်း ကောင်းကြသည်မှာ လောကနိယာမတခုပင် ဖြစ်ပေသည်။

ထိုသို့ လာခြင်းလည်း ကောင်း၍ ပြန်ခြင်းလည်း ကောင်းကြသူတို့မှာ လက်ချိုးရေတွက်၍ပင် ရသည်။ လူတထောင်တွင် တယောက်ပင် ရှိခဲလှသည်။ “လာခြင်း ကောင်းသူ”ဟု ဆိုရာတွင် လောကဟိတ သယ်ပိုးသူကိုသာ ခေါ်၍ “ပြန်ခြင်း ကောင်းသူ” ဆိုရာတွင် လောကဟိတ သယ်ပိုးခြင်း၏ ရလဒ်ကိုသာ ခေါ်ဆိုခြင်း ဖြစ်သည်။ သို့ဆိုလျှင် လာခြင်းကောင်းသူအတွက် ပြန်ခြင်းလည်း ကောင်းရစမြဲပင်။

လောက၌ အဖျက်အင်အားစုနှင့် အပြုအင်အားစုရှိရာ လောကဟိတ သယ်ပိုးသူတို့မှာ အပြုအင်အားစုများသာ ဖြစ်သည်။ လောကအကျိုး သယ်ပိုးရာ၌ ကြီးကြီးကျယ်ကျယ် လုပ်မှ မဟုတ်၊ မြက်တပင်နုတ် ပေါင်းတပင် ရှင်ခြင်းသည်လည်း ပါဝင်သည်။ အများပြည်သူ အန္တရာယ်ကျရောက်မည့်ဘေးမှ ကယ်တင်ခြင်းသည်လည်း လောကဟိတ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ပမာပြဆိုရသော် ၂၀၀၈ ခုနှစ် မြန်မာပြည်၌ နာဂစ်မုန်တိုင်းဘေး ကြုံခဲ့ကြရသည်။ ပြည်သူလူထု ဘေးအန္တရာယ် ကျရောက်နိုင်ကြောင်း တာဝန်ရှိသူတို့က သတိပေးခဲ့သည်။ အဖျက်အင်အားစုက လူထုထံ အချိန်မီ သတင်းရောက်အောင် မပို့နိုင်ခဲ့။ ကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှု မရှိ။ နောက်ဆုံး ပြည်သူထုအများအပြား သေဆုံးခဲ့သည်။

ပရဟိတစိတ်ရှိသော ပြည်သူတို့ ကူညီရိုင်းပင်းခဲ့ကြသည်။ တတ်စွမ်းသရွေ့ လောကအကျိုး သယ်ပိုးခဲ့ကြသည်။ မုန်တိုင်းကို ကြိုတင်သတိပေးခဲ့သော ဦးထွန်းလွင် ရာထူးမှ အနားယူခဲ့ရသည်။ အဖျက်အင်အားစုတို့ အသာစီးယူခဲ့ကြသည်။ သို့သော် ဦးထွန်းလွင်သည် သူ့၌ တာဝန်မရှိတော့သော်လည်း အဆိုပါတာဝန်ကို ပြင်ပ ပညာရှင်တယောက်အနေဖြင့် လူထုအကျိုး ဆက်လက်သယ်ပိုးခဲ့သည်။

မိုးလေဝသ အပြောင်းအလဲ အခြေအနေကို စဉ်ဆက်မပြတ် ထုတ်ပြန်၍ သတိပေးခဲ့သည်။ အရေးကြီးလျှင် ကြီးသလို သတင်းဌာနများနှင့် ဆက်သွယ်ထုတ်ပြန်ပေးခဲ့သည်။ ပြည်သူများကလည်း ဦးထွန်းလွင်၏ သတင်းထုတ်ပြန်ချက်အပေါ် ယုံကြည်ခံယူခဲ့ကြသည်။ အဆိုပါ ပြည်သူလူထုနှင့် လောကအကျိုးကို သယ်ပိုးခဲ့သူ ဦးထွန်းလွင်ကား နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်း၌ ကိုယ်တိုင်ယူခဲ့သော ပြည်သူ့ကောင်းကျိုး တာဝန်တို့ကို စွန့်ခွာသွားခဲ့လေပြီ ဖြစ်သည်။

ဤသည်တို့ကား ဦးထွန်းလွင်၏ တန်ဖိုး။ သူ၏ ဂုဏ်သိက္ခာ။ သူ့နှလုံးသားနှင့် လောကအပေါ် ထားသော သူ့စေတနာတို့ပင်။ သူသည် မြန်မာပြည်ကိုချစ်သလို ကမ္ဘာမြေကိုလည်း နှလုံးသားနှင့် ချစ်ခဲ့သောသူဖြစ်သည်။ ထို့အတူ မြန်မာပြည်သူတို့အပေါ် တာဝန်ကျေခဲ့သည့် နိုင်ငံသားကောင်း ပြည်သူ့ဝန်ထမ်းတဦးဖြစ်သလို ကမ္ဘာမြေပြင်ကို လာခြင်းကောင်းစွာ ရောက်လာခဲ့ သူတဦး လည်းဖြစ်သည်။ သူ၏ လောကဟိတ သယ်ပိုးမှုသည်ပင် သူ့အတွက် ပြန်ခြင်းလည်း ကောင်းပေလိမ့်မည်ပင် ဖြစ်သည်။ 

ဦးထွန်းလွင်တယောက် သူချစ်တဲ့ ကမ္ဘာမြေလောကကို အပြီးအပိုင် စွန့်ခွာသွားပြီဖြစ်ပေမယ့် သူ့ကို “လာခြင်းလည်း ကောင်း၍ ပြန်ခြင်းလည်း ကောင်းသူ တယောက်” အဖြစ် မြန်မာပြည်သူလူထု၏ စိတ်ဝယ် အစဉ်ထင်ဟပ် အမှတ်ရနေဦးမည်ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013