
နေပြည်တော်ရှိ Wisdom Hill ကျောင်းက မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအမှု အတွက် ဒီကနေ့ ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒေါ်စုဒါလီအောင်နဲ့ ဒေါ်ဥမ္မာလှိုင်တို့ရဲ့ တရားလိုပြသက်သေ ၃ ဦးကို စစ်ဆေးပါတယ်။
ဒေါ်စုဒါလီအောင်ဟာ ဗစ်တိုးရီးယားအမှုရဲ့ သံသယတရားခံ ကိုအောင်ကြီးရဲ့ ရှေ့နေဖြစ်ပြီး ဒေါ်ဥမ္မာလှိုင်ကတော့ ကိုကို ညီညီလို့ လူသိများတဲ့ အမှုက သက်သေ ကလေးငယ် နှစ်ဦးရဲ့ မိခင် ဖြစ်ပါတယ်။
တရားလိုပြသက်သေ ၃ ဦးဖြစ်တဲ့ နေပြည်တော် အခြေစိုက် ဘီဘီစီသတင်းဌာနက သတင်းထောက် ကိုအောင်သူရနဲ့ ကျေးရွာရာအိမ်မှူး ၂ ဦးတို့ကို နှစ်ဖက်ရှေ့နေ့တွေက အပြန်အလှန် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါ်စုဒါလီအောင်က “သက်သေတွေ ထွက်ဆိုချက်တွေက ကျမသွားနေတဲ့ Target အတိုင်းပဲပေါ့”လို့ ပြောပါတယ်။
ဒေါ်ဥမ္မာလှိုင်ကတော့ ဒေါ်စုဒါလီအောင်ကို ဘီဘီစီအင်တာဗျူးမှာ ဖြေဆိုထားတဲ့အပေါ် ကလေးငယ်တွေရဲ့ အခွင့်ရေးကို ချိုးဖောက်ခံရတယ်ဆိုပြီး ကလေးသူငယ်ဆိုင်ရာအခွင့်ရေးများ ဥပဒေနဲ့ အမှုဖွင့်တရားစွဲဆိုထားတာပါ။
ဒီအမှုအတွက် လာမယ့်ရုံးချိန်းကို နိုဝင်ဘာ ၁၈ ရက်နေ့ ပြန်လည်ချိန်းဆိုထားပြီး အဲ့ဒီရုံးချိန်းမှာတော့ လိုပြသက်သေ ၂ ဦးကို ဆက်လက်စစ်ဆေးမှာဖြစ်ပါတယ်။











