DVB Logo
Home
မြန်မာသတင်း
အစိုးရတပ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှု ရွာသားများ ရိုက်နှက်ခံရ
DVB
·
January 18, 2013
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ အစိုးရတပ်သားအချင်းချင်း ပစ်ခတ်သေဆုံးမှုနဲ့ပတ်သက်ပြီး  ဒေသခံရွာသား ၉ ဦး ဖမ်းဆီးနှိပ်စက်ခံခဲ့ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စု ကျိန်ကိုင်ရွာနားမှာ ဇန်န၀ါရီလ ၁၄ ရက်နေ့ ညနေပိုင်းက မိုင်းငေါ့နယ်မြေခံစစ်တပ်က တပ်သားတဦး သေနတ်ထိမှန်သေဆုံးရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရတပ်ဘက်က ရွာသားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ကျိန်ကိုင်ရွာသူကြီးက  ပြောပါတယ်။

“ခမရ ၅၀၁ အစိုးရတပ်က ရွာထဲဝင်ပြီး သူပုန်သတင်းမေးခဲ့တယ်။ ကျနော်ကလည်း မရှိဘူးလို့ ဖြေပါတယ်။ ဒါဆို ငါတို့ ဒီနားတ၀ိုက်လျှောက်ကြည့်မယ်။ ဘာမှမဖြစ်ဘူးဆိုတာ မင်းတာဝန်ယူရမယ်လို့ ပြောပါတယ်။  ညနေ ၆ နာရီကျော် မှောင်ရိပ်သန်းတော့ ရွာသားတဦး လယ်က ပြန်လာပြီး သူက ခြေသံကြားတဲ့နေရာကို လက်နှိပ်ဓာတ်မီးနဲ့ထိုးတာမှာ  အစိုးရစစ်သားဖြစ်နေပြီး သူ့ကို သေနတ်နဲ့ပစ်ခဲ့တယ်။ လက်မောင်းမှာ ရှပ်ထိပြီး လက်ဖက်ခင်းထဲ လှိမ့်ဝင်ထွက်ပြေးခဲ့တယ်။ အဲဒီနောက် သေနတ်သံ ထပ်ကြားရတယ်လို့ ပြန်ပြောပြတယ်။ အစိုးရတပ်က သေနတ်ဒဏ်ရာရလာတဲ့ သူတို့စစ်သားကို ကျနော့်အိမ်မှာ ခဏထားဖို့ ခေါ်လာတယ်။ ၁၅ မိနစ်နေတော့ စစ်သားသေသွားတယ်။ သူတို့က သင်္ဂြိုဟ်ပေးဖို့ ပြောပြီး ပြန်သွားပါတယ်။ ၁၅ ရက်နေ့ အလောင်းသွား သင်္ဂြိုဟ်ပြီး  ပြန်လာတာ ခဏပဲရှိသေးတယ်။ ကျနော်နဲ့ အတွင်းရေးမှူးကို အစိုးရတပ်က မိုင်းငေါ့ တပ်ကို ခေါ်စစ်ပါတယ်။ ညနေထိ ပြန်မရောက်သေးလို့ စိတ်ပူပြီး  နောက်ကလိုက်လာတဲ့ ရွာသား ၄ ယောက်ပါ စစ်တပ်က ဖမ်းခေါ်ထားလိုက်တယ်။ တညလုံးရိုက်ပြီးမေးတယ်။ ၁၆ ရက်နေ့ ညမှ ပြန်လွှတ်ပေးတယ်။ ရွာထဲက လူတယောက်လည်း သေနတ်ဒင်နဲ့ အထုခံရတယ်။”

အရိုက်ခံထားရသူထဲက လူငယ် ၂ ဦးဟာ ဒဏ်ရာပြင်းထန်တဲ့အတွက် ကျောက်မဲဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရပြီး ရွာသားတွေရဲ့ တောင်းဆိုချက်အရ မတရားလုပ်သူတွေကို အရေးယူပေးဖို့ ကျောက်မဲမြို့မရဲစခန်းမှာ မနေ့က တိုင်ချက်ဖွင့်ပေးခဲ့တယ်လို့ ကျောက်မဲမြို့နယ် ကျားဖြူပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကျော်က ပြောပါတယ်။

“ရဲစခန်းမှာ မတရားညှဉ်းပန်းနှိပ်စက်ခံရတယ်၊ ရိုက်ခံရတယ်ဆိုတာ အမှုဖွင့်ထားပြီး အခု ကျနော်ဆေးရုံမှာ ရောက်နေတယ်။ ဆေးစစ်ချက်လာယူတာပါ။ ဆေးရုံမှာ အခု ၆ ယောက် ရောက်နေတယ်။ ဖြစ်တာက တပ်ကအချင်းချင်း မှားပစ်ပြီး သေတာကို ရွာသားတွေကို သုပုန်ပစ်ပါတယ်ဆိုပြီး ထွက်ဆိုချက်ပေးခိုင်းတာလေ။ ပြီးတော့ ရိုက်တာ။ စကခ (၁) လက်အောက်ခံ တပ်ရင်းတွေ ၅၀၁၊ ၅၀၂ နဲ့ ၅၀၅ ပါတယ်။ ရဲစခန်းကတော့ သူတို့လုပ်ခွင့်ရှိသလောက် လုပ်ပေးမယ်တဲ့ အမှုဖွင့်ပေးမယ်၊ သက်ဆိုင်ရာကို တင်ပေးမယ်ပေါ့။”

သေသွားတဲ့ တပ်သားအလောင်းကို သက်ဆိုင်ရာက လာရောက် စစ်ဆေးနိုင်အောင် ရွာသားတွေက ခေါင်းတလားထဲထည့်ပြီး  ကောင်းမွန်စွာ သင်္ဂြိုဟ်ထားကြောင်း၊ အလောင်းကိုလည်း  ပြန်ဖော်ပေးနိုင်ကြောင်း   ပြောခဲ့ပေမယ့်  အခုလ ၁၆ ရက်နေ့မှာ  စစ်တပ်က ကျိန်ကိုင်ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဦးစိုင်းခမ်းကျော်က ပြောပါတယ်။

ဒီကိစ္စကို ကျားဖြူပါတီက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ၊ နယ်မြေအခြေစိုက် စရဖ (စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့) နဲ့ ရဲအထူးသတင်းတပ်ဖွဲ့တွေကိုပါ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013