DVB Logo
Home
Lead Story
(၉) နှစ်တာ ကာကွယ်ရေး အသုံးစရိတ်အား ခွဲခြမ်းစိတ်ဖြာခြင်း
DVB
·
November 4, 2019
(၉) နှစ်တာ ကာကွယ်ရေး အသုံးစရိတ်အား ခွဲခြမ်းစိတ်ဖြာခြင်း
Donate to DVB

မြန်မာနိုင်ငံသည် နှစ်ပေါင်း ၇၀ ကျော်ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးသည် အဘက်ဘက်တွင် နောက်ကျနေခဲ့သည်ဟု အားလုံးက လက်ခံထားကြသည်။ တိုင်းပြည်ထူထောင်ရေးအတွက် အသုံးပြုမည့် ဘဏ္ဍာငွေကြေးတစ်ချို့အား တိုင်းရင်းသားလက်နက်ကိုင်များနှင့်တိုက်ခဲ့သည့် တိုက်ပွဲများအတွင်း သုံးစွဲခဲ့သည်များကို ထောက်ပြကြခြင်း ဖြစ်သည်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့သည့် အစိုးရများသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ယနေ့ထိတိုင်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးအား ငြိမ်းသတ်နိုင်ရေး ကျားကုတ်ကျားခဲ ကြိုးစားနေရဆဲဖြစ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုအရေအတွက်သည်လည်း တစ်နှစ်ထက်တစ်နှစ် သိသိသာသာတိုးလာခဲ့သည်။  

တစ်ဖက်တွင်လည်း အရပ်သားအစိုးရများသည် ကာကွယ်ရေးအသုံးစရိတ်များအား ယနေ့အချိန်ထိ သိသိသာသာ လျော့ချနိုင်ခြင်းမရှိသေးဘဲ လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံ၏ ဒုတိယ အသုံးစရိတ်အများဆုံးဝန်ကြီးဌာန အဖြစ်ရပ်တည်နေသည်။

ယခုနှစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနသည် အစိုးရအား ယခင်ဘဏ္ဍာရေးနှစ်ထက် ကျပ်ငွေ ဘီလီယံ ၁၃၀ ကျော် ပိုမိုတောင်းခံထားသည်ကို ရသုံးမှန်းခြေငွေစာရင်းတွင် ဖော်ပြထားသည်။


 

ခေတ်မီတပ်မတော် တည်ဆောက်နိုင်ရေးဆိုသည့် ခေါင်းစဉ်အောက်မှ ကာကွယ်ရေး အသုံးစရိတ်များအားတစ်နှစ် ထက်တစ်နှစ်ပိုမိုတောင်းခံခဲ့သည့်နှစ်များရှိခဲ့ပြီး လွှတ်တော်သည် ကာကွယ်ရေး အသုံးစရိတ်များအား တိတိကျကျ စိစစ်ခွင့်မရရှိခဲ့ပေ။ ကာကွယ်ရေး အသုံးစရိတ်များအား တပ်မတော် စစ်ဆေးရေးအရာရှိချုပ်မှ စစ်ဆေးလေ့ရှိပြီး ငွေလုံးငွေရင်းအသုံး စရိတ်နှင့် သာမန်အသုံးစရိတ်များသာ လွှတ်တော်မှ အကြမ်းဖျင်း စိစစ်ခွင့်ရှိသည်။ 

 

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၏ ကာကွယ်ရေးအသုံးစရိတ် များသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအသုံးစရိတ်၏ ၁၇ ရာခိုင်နှုန်းကျော်အထိအမြင့်ဆုံးအသုံး ပြုခဲ့သည်။ အဆိုပါကာလသည် တပ်မတော်နဲ့ KIA တို့ကြား တစ်ကျော့ပြန် တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည့် ကာလ ဖြစ် သည်။ 

ပြည်ထောင်စုအသုံးစရိတ်မြင့်လာခြင်းကြောင့် ၂၀၁၂-၂၀၁၃  ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ ကာကွယ်ရေးအသုံးစရိတ်ရာခိုင်နှုန်းသည် လျော့နည်းလာသည်။ သို့သော် အဆိုပါနှစ်များအတွင်း ကာကွယ်ရေးအသုံးစရိတ် တောင်းခံသည့် ငွေကြေးပမာဏသည် တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့သည်။

တပ်မတော်၏ ကာကွယ်ရေးအသုံးစရိတ်အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ်ငွေ ၃၁၆၈ ဘီလီယံအထိ အသုံးပြုခဲ့ပြီး အဆိုပါ ပမာဏသည် ပြည်ထောင်စုအသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းဝန်းကျင်ရှိခဲ့သည်။

United Nations OCHA Myanmar ၏ တိုက်ပွဲစာရင်းအရ အဆိုပါနှစ်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲအရေအတွက်သည် ၇၂၀ ကျော်ရှိခဲ့ပြီး အရပ်သားအစိုးရများလက်ထက်တွင် တိုက်ပွဲအရေအတွက် အများဆုံးဖြစ်သည်။ 

 


ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အရေးပါဆုံးအခန်း ကဏ္ဍတွင် တည်ရှိသော်လည်း မြန်မာနိုင်ငံ၏ အရပ်သားအစိုးရများသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ အဆိုပါ ကဏ္ဍနှစ်ခုပေါင်း၏ အသုံးစရိတ်အား ပြည်ထောင်စုအစိုးရဘတ်ဂျက်၏ ပျှမ်းမျှ ၁၀ ရာခိုင်နှုန်းခန့်သာ သုံးစွဲခဲ့သည်။



အဆိုပါ ဘဏ္ဍာရေးနှစ်များ တွင် ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် ပြည်ထောင်စု အသုံးစရိတ်၏ ပျှမ်းမျှ ၁၅ ရာခိုင်နှုန်းထိ သုံးစွဲထားသည်။

 

သို့သော်လည်း NLD အစိုးရလက်ထက်တွင် ပညာရေး အသုံးစရိတ်သည် သိသိသာသာ မြင့်တက်လာခြင်းကြောင့် ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ် နှစ်ခုပေါင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ကာကွယ်ရေးအသုံး စရိတ်ထက်ပင် ကျော်လွန်ခဲ့သည်။

 


ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ်များအား အစိုးရမှ တိုးမြှင့်သုံးစွဲလာသော်လည်း အဆိုပါအသုံးစရိတ်များသည် အာဆီယံနိုင်ငံများ သုံးစွဲမှုနှင့်ယှဉ်ပါက နိမ့်ကျနေဆဲဖြစ်သည်။



နှစ်အလိုက် အသုံးစရိတ် ခွဲဝေပုံကို ခုနှစ်တစ်ခုချင်းစီပေါ်ထောက်ပြီး အသေးစိတ် ကြည့်ရှုနိုင်ပါသည်။


စစ်အစိုးရလက်ထက်မှ အရပ်သားအစိုးရလက်ထက်သို့ကူးပြောင်းသွားခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ နိုင်ငံ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ပျှမ်းမျှ ၃.၆ ရာခိုင်နှုန်းအား ကာကွယ်ရေးအသုံးစရိတ်အဖြစ် အရပ်သားအစိုးရများမှ အသုံးပြုခဲ့သည်။ အဆိုပါ ဘဏ္ဍာရေးနှစ် များတွင် ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်များအား (GDP) ၏ ပျှမ်းမျှ ၂.၆ ရာခိုင်နှုန်းသာ အသုံးပြုခဲ့သည်။



အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်များကို ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)နှင့် အချိုးချပြီး နှိုင်းယှဉ်ကြည့်သည့်အခါ မြန်မာနိုင်ငံသည် အမြင့်ဆုံးဖြစ်ပြီး ၂၀၁၈ခုနှစ်နောက်ပိုင်းတွင် လျော့ကျလာခဲ့သည်။


 


ယခုနှစ်တွင် ရှမ်းပြည်နယ်‌မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ချို့ကြား တိုက်ပွဲများနေ့စဉ် ရက်ဆက်ဖြစ်ပွားနေသည်။ အဆိုပါတိုက်ပွဲများတွင် နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိပြီး အရပ်သားပြည်သူများလဲ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ ယင်းတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရှောင်များတိုးပွားလာပြီး ရခိုင်ပြည်နယ်တွင်လည်း စစ်ဘေးရှောင်ဦးရေ ၇သောင်းဝန်းကျင်အထိ ရှိလာသည်။


 

(ယခုဆောင်းပါးအား Phandeeyar မှ ပူးပေါင်းကူညီပါသည်။)




 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013