မြန်မာ-အိန္ဒိယနယ်စပ် တမူးမြို့ ရန်တိုင်းအောင်ရွာအဝင် တမူး-ကလေးကားလမ်းပေါ်မှာ နိုဝင်ဘာ ၂ ရက်မွန်းလွဲပိုင်းက ယာဉ် တစီးပေါ် ဝှက်ယူလာတဲ့ စိတ်ကြွဆေးပြား ငါးသိန်းကျော်ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
သတင်းအရ ပူးပေါင်းအဖွဲ့တွေနဲ့ အဲဒီကားလမ်းမှာ ယာဉ်တွေကို စစ်ဆေးစဉ် စိုင်းခုန်လှိုင်း မောင်းလာတဲ့ 1M/×××× Hiace ကား ကြမ်းခင်းအံဝှက်ထဲမှ WY/R စာတမ်းပါစိတ်ကြွဆေးပြား ၅၈၆၀၈၀ပြား၊1M/×××× နံပါတ်ပါ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ၁ အုပ်၊ ယာဉ်မှတ်ပုံ တင်သက်သေခံ လက်မှတ် ၁ ခု၊ Samsung အမျိုးအစားပါ ဖုန်း ၂ လုံးနဲ့ ငွေ ၅,၀၀၀ ကျပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
အဲဒီနောက် ဖမ်းဆီးရမိသူကို စစ်ဆေးပြီး တမူးမြို့ မြို့မ ၁၂-ကရပ်ကွက်ရှိ စိုင်းယီလှိုင်းဆိုသူ ငှားရမ်းနေထိုင်တဲ့အိမ်ကို ဆက်လက်ရှာဖွေရာ မီးဖိုချောင်အတွင်းမှာ ကပ်ခွာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၅ ပြား၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ကျပ် ၂၀၀ သိန်းတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်လို့ တမူးမြို့မရဲစခန်းက စိုင်းခုန်လှိုင်းနဲ့ စိုးယီလှိုင်းတို့ကို မူး/စိတ်ပုဒ်မ၁၉(က)/၂၀(က)/၂၁အပြင်မယ(ပ)၉၄/၂၀၁၉၊မူး/စိတ်ပုဒ်မ ၁၆(ဂ)/ ၂၀ (က)/၂၁တွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။











