DVB Logo
Home
မြန်မာသတင်း
TNLA အဖွဲ့က ဖမ်းဆီးသွားသူတဦး သေဆုံး၊ ငွေကျပ် ၇ သိန်းဖြင့် ပြန်ရွေးခဲ့ရဟု မိသားစုပြော
DVB
·
November 2, 2019
TNLA အဖွဲ့က ဖမ်းဆီးသွားသူတဦး သေဆုံး၊ ငွေကျပ် ၇ သိန်းဖြင့် ပြန်ရွေးခဲ့ရဟု မိသားစုပြော
Donate to DVB

TNLA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးခဲ့တဲ့ နမ့်ခမ်းမြို့က အမျိုးသားတဦးရဲ့အလောင်းကို အောက်တိုဘာ ၃၀ ရက်နေ့က ငွေ ကျပ် ၇ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်မှာ နေထိုင်တဲ့ ဦးလောက်လူကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ချုပ်ထားစဉ် သေဆုံးသွားတာလို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“TNLA အဖွဲ့က ဦးလောက်လူကို ဖမ်းသွားတာ လေးလပိုင်းကတည်းကပဲ။ သူတို့ စဖမ်းစဉ်က တောင်းတာက ၁၀ သိန်း။ ကြာတော့ တဖြည်းဖြည်းနဲ့ ပိုတောင်းလာတယ်၊ သိန်း ၇၀၀ ထိ တောင်းလာတယ်။ တောင်းတာ မပေးနိုင်ရင် အိမ်နဲ့ခြံကို ရောင်းပြီးပေးလို့ ကြားလူကနေ ဖုန်းဆက်ပြီး ပြောလာတယ်။ ကျမတို့လည်း အိမ်ရောင်းလိုက်ရင် ဘယ်မှာ သွားနေမလဲ။ ကလေးတွေလည်း များတယ်လေ။ သူတို့ တောင်းတာမရတော့ ဦးလောက်လူကို ရိုက်တယ်ထင်ပါ တယ်။ သူ့အလောင်းကို သွားပြန်ရွေးယူတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်။ ရုပ်အလောင်းကို ငွေ ၇ သိန်းပေးပြီး ပြန်ယူခဲ့ရတယ်” 

သေဆုံးသွားသူရဲ့ ရုပ်အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေရှိပြီး မျက်နှာမှာလည်း ဖူးရောင်ကိုင်းနေတယ်လို့လည်း အလောင်းကို တွေ့ရှိတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

“သူ့ကို စဖမ်းသွားစဉ်က ပိန်ပိန်လေးပဲ။ အခု မျက်နှာက အကြီးကြီးဖြစ်နေတယ်။ ပြီးတော့ ပခုံးမှာ ဒဏ်ရာတွေတွေ့တယ်” လို့ မျက်မြင်တယောက်က ပြောပါတယ်။

TNLA တပ်ဖွဲ့ဟာ မူးယစ်းဆေးဝါး သုံးစွဲရောင်းချတယ်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဒေသခံတွေကို ဖမ်းဆီးကာ ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်ကတော့ သူတို့အနေနဲ့ ဒီလို တောင်းဖို့ မူဝါဒမရှိဘူးလို့ ပြောပါတယ်။

“အဲလိုမျိုး ဖမ်းတာလား၊ မဖမ်းတာလား ကျနော်တို့ မသိရသေးဘူး။ ဒီလို ငွေတောင်းတာတော့ မရှိဘူးပေါ့။ ကျနော်တို့ ဒီလိုတောင်းဖို့ကလည်း မူဝါဒမရှိဘူး။ ဖမ်းတာကလည်း မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ဟာလည်း ကျနော်တို့ ဖမ်းဆီးတာတွေရှိတယ်။ သူတို့ ပြောတဲ့ဟာကတော့ အဲဒီလူနာမည်ကို ဖမ်းဆီးမှု ရှိ၊ မရှိကတော့ ပြန်မေးဖို့ရှိတယ်။ ”

သေဆုံးသွားတဲ့ ဦးလောက်လူမှာ သားသမီး ၅ ယောက်ကျန်ရှိတာကြောင့် မိသားစု စားဝတ်နေရေးနဲ့ ကလေးတွေရဲ့ ကျောင်းပညာရေးအတွက် အခက်အခဲကြုံနေရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

“ကလေးတွေက ကျောင်းတက်နေကြတော့ ကျောင်းစရိတ်ထောက်ရတယ်လေ။ ရှေ့ဆက် ဘယ်လိုသွားရမယ် မသိတော့ဘူး။ ဆိုင်ပဲ ဆက်ရောင်းရမလား တရုတ်ပြည်သွားပြီး အလုပ်လုပ်ရမလား ဆိုတာ မသိတော့ဘူး။ ကျမ တယောက်တည်း ကလေး ငါးယောက်ကို ရှာကျွေးရတော့မှာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013