DVB Logo
Home
မေးမြန်းခန်း
ရခိုင်ဆွေးနွေးပွဲအခြေအနေ ဒေါ်စောမြရာဇာလင်းနှင့် မေးမြန်းချက် (၂)
DVB
·
January 18, 2013
ရခိုင်ဆွေးနွေးပွဲအခြေအနေ ဒေါ်စောမြရာဇာလင်းနှင့် မေးမြန်းချက် (၂)
Donate to DVB

ရခိုင်တိုင်းရင်းသားတွေ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်ခံနေရတာ၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စော်ကားခံနေရတာနဲ့ အကြမ်းဖက်သတ်ဖြတ်ခံနေရတာတွေအတွက် အစိုးရက  ကာကွယ်စောင့်ရှောက်ပေးဖို့ ရခိုင်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းပြည်ပက ရခိုင်နိုင်ငံရေး၊ လူမှုရေး၊ လက်နက်ကိုင်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူမှုအခြေပြုအဖွဲ့၊ ကျောင်းသားနဲ့ ရဟန်းသံဃာတော်တွေ ပါဝင်တဲ့ ကိုယ်စားလှယ်တွေဟာ ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇန်န၀ါရီ ၁၁ ရက်ကနေ ၁၄ ရက်နေ့ထိ ၄ ရက် တာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

ဒီအစည်းအဝေးကြီးကို ဦးဆောင်စီစဉ်ခဲ့သူတွေထဲမှာပါတဲ့ ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို အစည်းအဝေးရဲ့ ထူးခြားချက်၊ မကြာသေးခင်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအခြေအနေ၊ ကချင်ထိုးစစ်အခြေအနေတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက် အပိုင်း ၂ ဖြစ်ပါတယ်။

[caption id="attachment_35375" align="alignright" width="150" caption="ရခိုင်အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း"][/caption]

“ကျမတို့ဆိုရင် မြန်မာနိုင်ငံတခုလုံးမှာဖြစ်နေတဲ့ ပြဿနာဟာဆိုရင် တိုင်းရင်းသားလူမျိုးတွေရဲ့ ပြဿနာဖြစ်တယ်။ ဒီမိုကရေစီပြဿနာထက် တိုင်းရင်းသားလူမျိုးတွေရဲ့ပြဿနာကို အခြေခံပြီး ဖြစ်လာတယ်လို့ ကျမတို့ဆိုရင် သုံးသပ်တယ်။ အဲတော့ တိုင်းရင်းသားနယ်မြေတွေမှာ ဒီလိုဖြစ်နေတယ်ဆိုရင် မြန်မာနိုင်ငံရေးအပြောင်းအလဲအတွက် အင်မတန် စိုးရိမ်စရာဖြစ်တယ်။ အဲလိုပဲ သုံးသပ်တယ်။”

ကချင်မှာ အစိုးရက ထိုးစစ်လုပ်တယ်။ အစိုးရက ဒါနယ်မြေလုံခြုံရေးပဲ လုပ်တယ်ဆိုပြီး ပြောနေတယ်။ ဒီကိစ္စတွေ အပါအ၀င်ပေါ့လေ။ လက်ရှိ သမ္မတအစိုးရရဲ့ တခုလုံးကို ခြုံပြီးတော့ ဘာပြောချင်ပါလဲ။

“နယ်မြေလုံခြုံရေးအရပြောမယ်ဆိုရင် တရားသဖြင့်ညှိနှိုင်းဖို့အတွက် အခွင့်အလမ်းတွေ အများကြီးရှိတယ်။ အကူအညီတောင်းစရာတွေလည်း အများကြီးရှိတယ်။ ဒီလို စစ်အင်အားအလွန်အကျွံသုံးပြီး လေယာဉ်တွေလည်း အမြောက်အမြားသုံးတယ်။ အဲလိုမသုံးသင့်ဘူးလို့တော့ မြင်တယ်။ ကျမတို့ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူတွေအားလုံးဟာ ညီအကိုမောင်နှမတွေဖြစ်ပါတယ်။ ကချင်လည်း ကျမတို့ညီအကိုမောင်နှမပဲ။ ရခိုင်၊ မြန်မာ၊ ရှမ်း ဒီလိုပဲ ညီအကိုမောင်နှမပဲ။ ပြည်တွင်းမှာဖြစ်တဲ့ပြဿနာကို ပြည်တွင်းမှာဖြေရှင်းလို့ရပါတယ်။ တိုင်းရင်းသားလို့ ခေါ်နေကြတဲ့ ရှမ်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း စသည်အားဖြင့် ဒီလူမျိုးတွေအားလုံးက ပြဿနာတွေဖြစ်ရင် စားပွဲခုံမှာဖြေရှင်းကြရအောင် ဆိုပြီး ကျမတို့တွေ နှစ်ရှည်လများ တောင်းဆိုခဲ့တာ ကြာပါပြီ။ ဒီလိုနဲ့ သမ္မတ ဦးသိန်းစိန်တက်လာတဲ့အချိန်မှာ ဆွေးနွေးမှုတွေ ဖြစ်လာတယ်။ ဒါကို ကျမတို့ တကယ်ကြိုဆိုတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတခုကို မြင်ချင်တယ်။ ကျမတို့ တော်လှန်ရေးလုပ်တယ်ဆိုတာ ဒီအပြောင်းအလဲအတွက်လုပ်တာပါ။ ဒီခရီးတွေဖြောင့်ဖြူးသာယာစေဖို့ရာ မြန်မာတနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ အင်မတန်အရေးကြီးပါတယ်။ ရခိုင်ဒေသတည်ငြိမ်မှု အင်မတန်အရေးကြီးတယ်လို့ မြင်ပါတယ်။”

နောက်ဆုံးအနေနဲ့ ရခိုင်ပြည်သူတွေ မြန်မာပြည်သူတွေ ပြည်သူဆိုတာ အစိုးရလည်းပါမယ်၊ လွှတ်တော်လည်းပါမယ်၊ ဒေါ်အောင်ဆန်းစုကြည်က အစ လွှတ်တော်အမတ်တွေ အကုန်လည်းပါမယ်. သမ္မတဦးသိန်းစိန်ကစပြီး အစိုးရအဆက်ဆက် လယ်သမားနဲ့ အလုပ်သမား အားလုံးပေါ့။ ဒီမိုကရက်တစ်မြန်မာ့အသံကတဆင့် ဘာများပြောချင်ပါလဲ။

“ပြည်သူလူထုတရပ်လုံးကို ပြောချင်သလို အစိုးရကို ပြောချင်တာလည်းရှိပါတယ်။ အထူးသဖြင့် ဘူးသီးတောင်နဲ့ မောင်တောဒေသဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်တံခါးဖြစ်တယ်။ ဒီတံခါးကိုတော့ လုံအောင်ပိတ်ရမယ်။ ဥပဒေကြောင်းအရလည်း ပိတ်ရမယ်။ လုပ်နည်းလုပ်ဟန်တွေနဲ့လည်း ပိတ်ရမယ်။ ဥပမာ အနောက်ဘက်တံခါးကို ခြံစည်းရိုးတွေကာနေတယ်။ ဘာမှလည်း မပြီးဆုံးသေးဘူး။ လုံခြုံမှုလည်း မရှိဘူး။ အဲလို တံခါးမစေ့တာ တခုပေါ့။ နောက် ဥပဒေကြောင်းအရ ဘာမှလည်း အဖြေမရှာနိုင်သေးဘူး။ ဒါဟာအင်မတန်မှ ဆိုးဝါးတယ်။ အခု ရခိုင်တွေရှိနေလို့ မြန်မာနိုင်ငံရဲ့အနောက်ဘက်ကို ကာကွယ်ထားတဲ့ လူမျိုးတမျိုးရှိနေသေးတယ်လို့ပြောရင် မမှားဘူးလို့ မြင်တယ်။ တကယ်လို့ ရခိုင်တွေမရှိဘူးဆိုရင် အခုဖြစ်ပွားတဲ့ ပြဿနာဟာ ရိုးမကိုမကျော်သွားနိုင်ဘူးလား။ ကျမတို့ အင်မတန် စိုးရိမ်တယ်။ ဒါကြောင့် ရခိုင်ပြည်ရဲ့ပြဿနာဟာ မြန်မာတနိုင်ငံလုံးမှာရှိနေတဲ့ လူမျိုးတွေရဲ့ ပြဿနာဖြစ်တယ်။ ဒါကြောင့် ဒီပြဿနာကို မြန်မာတနိုင်ငံလုံးက သတိဝီရိယနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။ ဒါကြောင့် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်ပါ၊ ကိုင်တွယ်ဆောင်ရွက်ပါလို့ အစိုးရကို ကျမတို့ တိုက်တွန်းချင်ပါတယ်။”

“နောက် မတည်ငြိမ်မှုတွေဟာ ရှိနေသေးတယ်။ လွန်ခဲ့တဲ့လတွေကဆိုရင် ပေါက်တောနဲ့ မြောက်ဦးမှာ လူတွေအသတ်ခံရတာတွေ ရှိတယ်။ မလေးရှားမှာဆိုရင်လည်း ဖြစ်နေတယ်။ အဲကိစ္စတွေဟာ ဆက်မဖြစ်သင့်တော့ဘူး။ ဒါကြောင့် ရခိုင်ပြည်မှာရှိတဲ့ အစိုးရကိုလည်း မေတ္တာရပ်ခံပါတယ်။ လုံခြုံအောင်လုပ်ပါ။ လုံခြုံအောင်လုပ်တယ်ဆိုတာ စစ်တပ်ကိုထားပြီး လုံခြုံအောင်လုပ်တယ်ဆိုတာမျိုး မကြိုက်ဘူး။ စစ်တပ်အင်အားကို အလွန်အကျွံသုံးလာရင် ကျမတို့ တိုင်းပြည်တည်ငြိမ်မှုအတွက် အန္တရာယ်ကြီးတယ်။  ကျမတို့တွေ စစ်အုပ်ချုပ်မှုအောက်မှာ အများကြီးနေခဲ့ရတယ်။ စစ်တပ်အရောင်တွေ ရခိုင်ပြည်မှာ ထပ်မလွှမ်းစေချင်ဘူး။ စစ်တပ်ဟာ တိုင်းပြည်တည်ငြိမ်မှုအတွက် ကာကွယ်ရမယ့် ကဏ္ဍတခုက ပါတာတော့ ကောင်းပါတယ်။ ကျမတို့ စစ်သားတွေဟာလည်း ပြည်သူ့စစ်သားတွေ မှန်မှန်ဖြစ်စေချင်တယ်ဆိုတာ ပြောချင်ပါတယ်။ ပြည်သူ့ဘက်က မှန်မှန်ကန်ကန် ကာကွယ်စေချင်တယ်။ အခုကတော့ ရခိုင်ပြည်နယ်မှာ ဥပဒေကြောင်းအရ အရေးယူမှုတွေ အားနည်းချက် ရှိနေသေးတယ်လို့ ကျမအနေနဲ့ သုံးသပ်ပါတယ်။ ဒါကြောင့် ပြည်နယ်အစိုးရရော ပြည်မအစိုးရကိုရော မေတ္တာရပ်ခံချင်တာက ဒီပြဿနာတွေ အေးဖို့ဆိုရင် ဥပဒေကို မှန်မှန်ကန်ကန် ကိုင်တွယ်သုံးစွဲပါလို့။ နောက်တခုပြောချင်တာက အခု ကျမတို့ရခိုင်ပြည် ရခိုင်လူမျိုးတွေအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့ ကြိုးစားတဲ့ မူအပေါ်မှာ အားလုံးသဘောတူညီချက်ရရှိခဲ့ကြတာဟာ ကောင်းမွန်တဲ့ရလဒ်တခုဖြစ်တယ်ဆိုတာ ကျမပြောခဲ့တယ်။ ပြည်သူလူထုတရပ်လုံးဟာ အားလုံးနဲ့လက်တွဲညီညီဆောင်ရွက်ဖို့ အရေးကြီးတယ်။ ညီညွတ်မှုဟာ အင်အားဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုတရပ်လုံးကျမတို့နဲ့ အတူလက်တွဲဆောင်ရွက်ကြဖို့ အားလုံးကိုမေတ္တာရပ်ခံပါတယ်။”

“နောက်တခုက ကချင်ကိစ္စမှာ ကျမတို့ရဲ့ အစ်မကြီး အင်မတန်မှလည်း အားကိုးပါတယ်။ လေးလည်းလေးစားပါတယ်။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပွင့်ပွင့်လင်းလင်း ကြားဝင်ဆောင်ရွက်ဖို့လိုတယ်လို့ မြင်ပါတယ်။ ခေါင်းဆောင်ဆိုတာ သူများတွေက ဖိတ်လာမှ၊ သူများတွေက ဖိတ်ခေါ်ခွင့်ပြုချက်ရမှ လေ့လာဆောင်ရွက်မယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ဆောင်ရွက်သင့်ပါတယ်။ ပွင့်ပွင့်လင်းလင်း ရှေ့ကမားမားရပ်သင့်တယ်ဆိုတာမျိုး မြင်ပါတယ်။ ကျမတို့အများကြီးပြောနေကြတာဆိုရင် ညီညွတ်ရေးဟာ အရေးကြီးတယ်ဆိုတာ ပြောကြတယ်။ ညီညွတ်ရေးအရေးကြီးတယ်ဆိုရင် ကျမတို့တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ရာ နောက် ညီညွတ်ရေးတခု ပြောချင်တယ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး။ တိုင်းရင်းသားတွေ အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင်လည်း တဖွဲ့ဆီ တဖွဲ့ဆီ ဆွေးနွေးနေတာ အဓိပ္ပာယ်မရှိဘူးလို့ ကျမမြင်တယ်။ တိုင်းရင်းသားတရပ်လုံးအရေးကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့၊ အကောင်းဆုံးဆွေးနွေးနိုင်ဖို့ဆိုရင် စုပေါင်း ဆွေးနွေးအဖြေရှာသင့်တယ်။ အဲလိုဆွေးနွေးမှုကို အစိုးရဘက်ကလည်း လက်ခံသင့်တယ်။ အားလုံးစုပေါင်းဆွေးနွေးနိုင်အောင် တိုင်းရင်းသားတွေဘက်ကလည်း သဘောထားမှန်မှန်နဲ့ အလုပ်လုပ်သင့်တယ်လို့ မြင်ပါတယ်။ ညီညွတ်ရေးကို စုပေါင်းကြိုးစားပြီးတော့ မြန်မာနိုင်ငံရဲ့ အခက်အခဲကို လက်ရှိ လမ်းပွင့်လင်းစပြုနေတဲ့ အစိုးရနဲ့ သာတူညီမျှ လက်တွဲဆောင်ရွက်ကြပါလို့ တိုင်းရင်းသားအားလုံးကို တိုက်တွန်း မေတ္တာရပ်ခံချင်ပါတယ်။ အစိုးရကိုလည်း ကချင်ဒေသမှာဖြစ်နေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံပါတယ်။ ထို့အတူပဲ ရခိုင်ပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကိုလည်း အထူးကြိုးစားလုပ်ဆောင်ပါလို့ ကျမအနေနဲ့ တိုက်တွန်းပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013