DVB Logo
Home
မြန်မာသတင်း
ဂွမြို့တွင် ဥယာဉ်ခြံမြေ သိမ်းခံရသူများ စစ်တပ်ကို ဆန္ဒပြ
DVB
·
January 18, 2013
Donate to DVB

ရခိုင်ပြည်နယ် ဂွမြို့မှာ ဥယာဉ်ခြံမြေတွေ သိမ်းဆည်းခံခဲ့ရတဲ့ ဒေသခံ ၃၀၀ လောက်က လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဒီကနေ့မနက်က မြို့ထဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လယ်မြေသိမ်းခံရသူတွေဟာ ဂွမြို့နယ်အတွင်း အနီးနားပတ်ဝန်းကျင် ကျေးရွာတွေကနေ လာရောက်ပြီး ဂွမြို့ပေါ်မှာ တပ်စွဲထားတဲ့ အစိုးရတပ်ရင်းတွေရှေ့မှာ ကြွေးကြော်သံတွေ ပိုစတာတွေ ကိုင်စွဲပြီး လှည့်လည်ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတဦးက ပြောပါတယ်။

ဆန္ဒပြသမားတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများရဲ့ အခွင့်အရေးကို အစိုးရက ဆောင်ရွက်ပေးဖို့နဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် သိမ်းထားတဲ့လယ်ယာမြေ တွေကို အမြန်ပြန်ပေးဖို့လည်း ကြွေးကြော်တောင်းဆိုခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြပွဲမှာ ဦးဆောင်သူတဦးဖြစ်တဲ့ ပုန်းညှက်ကျေးရွာသား ဦးအောင်ကျော်စိုးက “ကျနော်တို့က ဒီအချိန်မှာ ဆင်းရဲလည်း ဆင်းရဲနေပြီ၊ လုပ်ကိုင်စားသောက်ဖို့ အခွင့်အလမ်းတွေကလည်း မရှိတော့ဘူး။ ရခိုင်ရိုးမရဲ့ အနောက်ဘက်ခြမ်းတွေကလည်း ငွေရှင်ကြေးရှင် ဓနရှင်တွေရဲ့ လက်အောက်ကိုရောက်ကုန်ပြီ။ ဒီဘက်ပင်လယ်ဘက် ခြမ်းကိုလည်း တခါ ထပ်ပြီးသိမ်းမယ်ဆိုရင် ကျနော်တို့မှာ နေစရာ၊ စားစရာ လုပ်ကိုင် ဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ တအားနည်းပါးပြီး ဆင်းရဲသထက် ဆင်းရဲလာပြီ။ ဒါကြောင့်လည်း ကျနော်တို့ပိုင်တဲ့မြေတွေကို ပြန်လိုချင်တဲ့အကြောင်း ရိုးရိုးသားသားနဲ့ ဆန္ဒထုတ်ဖော်တာပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း ပင်လယ်ကမ်းခြေတလျှောက်ကျေးရွာတွေမှာ ၁၉၉၀ ခုနှစ်လောက်ကတည်းက စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ဥယာဉ်ခြံမြေပေါင်း ဧက ၁,၀၀၀ ကျော်လောက်ရှိတယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။

တရားဝင်ခွင့်ပြုချက်တောင်းခံပြီး ဆန္ဒပြတာဖြစ်တဲ့အတွက် ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့နဲ့ မြို့ခံ အာဏာပိုင်တွေက စောင့်ကြည့်တာရှိပေမယ့် အနှောက်အယှက်မပေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013