DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းတွင် လယ်သမားများ ဆန္ဒပြ
DVB
·
January 17, 2013
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့မှာ ဒီနေ့ မနက်က  ရာနဲ့ ချီတဲ့ လယ်သမားတွေ စုရုံးဆန္ဒပြနေကြပါတယ်။

ညောင်တုန်းမြို့နယ်က ကတုက္ကမ၊ ငှက်ပျော်ကျွန်း၊ ထရောင်၊ ကြိုက်သာ၊ ချောင်းမကြီး၊ လှေလမ်းပိုင်နဲ့ ဦးခွာစု စတဲ့ ကျေးရွာတွေက လယ်သမား  ၆၀၀ လောက်ဟာ လယ်ယာမြေအသိမ်းခံရတာ၊ အင်းသူကြီးတွေရဲ့ စည်းကမ်းဖောက်ဖျက်တာတွေအတွက် ညောင်တုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးကို သွားရောက် ဆန္ဒပြခဲ့ကြတာပါ။

ဥပဒေနဲ့အညီ ဆောင်ရွက်မှုမရှိတဲ့ အင်းသူကြီးတွေကို  ဆန္ဒပြတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူ ဦးမြင့်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

“အင်းစည်းကမ်းစည်းမျဉ်းကို ဖောက်ဖျက်တဲ့ အင်းသူကြီးကို အရေးယူဆောင်ရွက်ပေးဖို့ ကျေးရွာပေါင်း ၂၅ အုပ်စုကနေ နိုင်ငံတော်အဆင့်ထိ တင်ပြပေးခဲ့တယ်။ ဒါပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး။ အရေးယူဆောင်ရွက်တာက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပြည်သူလူထုကို ပိုက်သိမ်းတာနဲ့ လှေသိမ်းတာတွေ လုပ်တယ်။ ဒါကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့ အင်းသူကြီးကို အရေးယူပေးဖို့ စီတန်းလမ်းလျှောက်ပြီး ဆန္ဒဖော်ထုတ်တာပါ။”

အလားတူ ဆန္ဒပြ လယ်သမားတဦးကလည်း သူတို့ လယ်ယာမြေတွေ ပြန်ရရှိရေး၊ ရေချိုငါးလုပ်ငန်းဥပေဒကို ချိုးဖောက်တဲ့ ဦးမြင့်စိုးနဲ့ ပူးပေါင်းပါဝင်တဲ့ အင်းသူကြီးကို အရေးယူဆောင်ရွက်ပေးရေးအတွက် အခုလို ဆန္ဒပြတာလို့ ပြောပါတယ်။

ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး  ညောင်တုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတဦးက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ လေလံပစ်ထားတဲ့ အင်းတွေမှာ ဒေသခံတွေက ၀င်ရောက်ငါးရှာလို့ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီး အရေးယူမှုတွေ ရှိခဲ့တဲ့အတွက် အခုလို လာရောက်ဆန္ဒပြတာပါလို့ ဖြေဆိုပါတယ်။

“ရှေ့ရက်တွေက ဦးစီးတွေက မအူပင်မြို့နယ်ထဲက အင်းနယ်တွေကို ဆင်းပြီးရှာဖွေတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးဦးစီးနဲ့ မအူပင်ခရိုင်က သက်ဆိုင်ရာလူကြီးတွေလည်း ဆင်းလာပြီး သူတို့ကို မလုပ်ကိုင်ဖို့ ပြောဆိုစည်းရုံးတယ်။ ၈ ရက်နဲ့ ၉ ရက်နေ့က။ ဒါပေမယ့် သူတို့က မလိုက်နာတာလည်းပါတာပေါ့။ ဆက်ရှာဖွေတယ်။ အဲတော့ မအူပင်သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့က ဖမ်းလိုက်တယ်။ ဒါကိုအခြေခံပြီးတော့ သူတို့ ဆန္ဒထုတ်ဖော်တယ်လို့ ထင်တယ်။”
လယ်သမားတွေဟာ  ဆန္ဒပြဖို့အတွက် နေရာ ၃ နေရာမှာ ခွင့်ပြုဖို့ အာဏာပိုင်တွေကို တောင်းဆိုရာမှာ ညောင်တုန်းမြို့မှာသာ ဆန္ဒပြခွင့်ရခဲ့ပြီး  မအူပင်နဲ့ ပုသိမ်မြို့မှာတော့ ဆန္ဒပြခွင့် မရခဲ့ဘူးလို့  ဆန္ဒပြပွဲဦးဆောင်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013