
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာအုပ်စု၊ လွယ်ကန်ကျေးရွာက ကျောင်းထိုင်ဆရာတော်တပါးကို တပ်မတော်စစ်ကြောင်းတခုက စစ်ဆေးရိုက်နှက်ခဲ့တယ်လို့ အရိုက်ခံရတဲ့ ဆရာတော်က မိန့်ပါတယ်။
ခလရ ၄၅ တပ်ခွဲ ၂ က တပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၈ ရက်မနက်က လွယ်ကန်ကျောင်းတိုက်ကို ရောက်ရှိလာပြီး ကျောင်းတိုက်မှာ တီအန်အယ်လ်အေ ဝတ်စုံ ၁ စုံ၊ စကားပြောစက် ၃ လုံးတွေ့ရှိတာနဲ့ ပတ်သက်လို့ ကျောင်းထိုင်ကိုယ်တော်ကို နည်းမျိုးစုံနဲ့ ရိုက်နှက်စစ်ဆေးခဲ့တာလို့ ဆရာတော် ဥူးဝဏ္ဏိတက ဒီဗွီဘီကို မိန့်ပါတယ်။
“သူတို့က သတင်းရထားတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က လူ ၈ ယောက် ဆိုင်ကယ် ၆ စီးနဲ့ ကျောင်းပေါ်ကို လာပို့တယ်လို့ပြောတယ်။ သူတို့လာရှာတော့ ဘာပစ္စည်းမှ မတွေ့ဘူး။ ယူနီဖောင်းနဲ့ စကားပြောစက် ၃ လုံးဘဲတွေ့တယ်။ ယူနီဖောင်းက ဘယ်သူ့ဟာလဲဆို ဦးဇင်းတို့ကလည်း မသိဘူးလို့၊ ၈ ရက်နေ့က ကျောင်းတိုက်မှာ ပဋ္ဌာန်းပွဲ ရှိတယ်လေ။ လူတွေလည်း အများကြီးလာကြတော့ ဘယ်သူလာမေ့သွားလဲ မသိဘူး။ ပြီးတော့ စကားပြောစက်လဲ အပျက်ကြီးသုံးမရဘူး။ သူတို့လာရှာတဲ့ချိန်ဦးဇင်းက ကျောင်းမှာမရှိဘူး။ ဟိုပင်ရွာက ဒကာတွေပင့်လို့ ထွက်သွားတာ၊ စစ်ကြောင်းကတော့ မနက် ၆ နာရီကတည်းက လာရှာတယ်။ ဦးဇင်းက ၉ နာရီ ပြန်လာတော့ ကျောင်းပေါ်တောင် မတက်ရသေးဘူး။ တောင်ခြေကိုခေါ်သွားပြီး မေးတယ်။ ၁၀ နာ ရီကျော်လောက်မှ ကျောင်းပေါ်ပြန်တက်လာတယ်။”
ကျောင်းပေါ်ရောက်တော့ တပ်ဖွဲ့ဝင်တွေက အမျိုးသမီးဝတ်စုံကိုလည်း တွေ့ကြောင်း၊ အဆိုပါ ဝတ်စုံမှာ သေဆုံးသူရှိက ပလောင်ထုံးစံအရ သူတို့ဝတ်စုံကို ဘုန်းကြီးကျောင်းမှာ လာလှူရ ကြောင်းရှင်းပြပေမယ့် မယုံကြည်ဘဲ ဦးဇင်းမှာ မိန်းမလည်းရှိတယ်လို့ စွပ်စွဲပြီး အမျိုးမျိုး နှိပ်စက်စစ်ဆေးခဲ့တယ်လို့ ဆရာတော်က ဆက်ပြောပါတယ်။
“ဦးဇင်းကို ယူနီဖောင်းအတင်းဝတ်ခိုင်းပြီး သူတို့ဆီမှာပါလာတဲ့ မူးယစ်ဆေးဝါးဘူးတွေရော အရှေ့မှာချပြီး ဓာတ်ပုံရိုက်တယ်။ နောက်ပြီး ရိုးရိုးအရပ်သားဘောင်းဘီ ပြန်လဲခိုင်းပြီး ဇရပ်အောက်ကို ခေါ်သွားပြီး စစ်မေးတယ်။ ဆိုင်ကယ် ၆ စီးနဲ့ လာထဲက တယောက်ကို သူတို့ ဖမ်းထားပြီး စစ်မေးတာ သူတို့ယူလာတဲ့ ပစ္စည်းထဲမှာ ဗုံးအလုံး ၂၀၀၊ သေနတ်ရှည်က ၅၀၊ မိုင်းဖောက်တဲ့ယမ်းက အလုံး ၂၀ ပါတယ်လို့ပြောတယ်။ အဲဒါတွေ ဘယ်မှာထားလဲလို့မေးတယ်။ ဦးဇင်းက မသိဘူးဆိုတော့ လက်သီးနဲ့ထိုးတယ်၊ တုတ်နဲ့ ရိုက်တယ်၊ ခြေထောက်နဲ့ကန်တယ်၊ ဝမ်းလျားမှောက်ခိုင်းပြီးမေးတယ်၊ ကျောကုန်းကို ဘွတ်ဖိနပ်နဲ့နင်းတယ်၊ ခေါင်းကို နင်းတယ်၊ ခြေထောက်ကိုနင်းတယ်။ သေနတ် ၂ ချက်ပစ်ပြီး ခြိမ်းခြောက်တယ်။ မေးလို့မရလို့တဲ့၊ ပြီးတော့ လက်ကိုကြိုးနဲ့တုတ်၊ ဇရပ်အောက်ကိုပြန်ခေါ်သွား၊ လည်ပင်းကိုကြိုးတုတ်ပြီး ပြတင်းပေါက်မှာ ချိန်ထားတယ်၊ မေးရင်းမရတော့ ခါးပတ်ချွတ်ပြီးရိုက်တယ်၊ ရိုက်တဲ့ချိန် ခေါင်းပေါ်မှာ ရေလောင်းချ မိုးချုပ်တဲ့ထိ အဲ့လိုလုပ်တယ်။”
ကျောင်းထိုင်ကိုယ်တော်မှာ အဆိုပါဒဏ်ရာတွေကို လက်ရှိကွတ်ခိုင်ဆေးရုံမှာ တက်ရောက် ကုသနေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းသံဃာတော်များအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသိက္ခက အရိုက်ခံရသူဆရာတော်အတွက် တရားမျှတမှုရရှိရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒီဗွီဘီကို မိန့်ပါတယ်။
“လောလောဆယ် ဦးဇင်းတို့ဥက္ကဋ္ဌဆရာတော်က ဆေးဖိုးဝါးခကူညီဖို့ ပြောထားပြီး အစည်းအဝေး ပြန်ထိုင်မယ်။ သူ့အတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်သွားဖို့ပေါ့။၊ ဘုန်းကြီးကျောင်းဆိုတာ ဘယ်အဖွဲ့ပဲလာလာ လက်ခံရတာဘဲလေ။ သူတို့ ဘာပစ္စည်းတွေ မေ့ထားခဲ့လဲ ဆိုတာ အကုန်မှမသိနိုင်ပဲ။”
လွယ်ကန်မိန်းစေတီကျောင်းတိုက်မှာ ဆရာတော်အပြင် ကိုယ်ရင်ကြီး ၂ ပါး သီလရှင် ၁ ပါး ကိုယ်ရင်ငယ် ၇ ပါး သီတင်းသုံးနေပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကိုတော့ ဆက်သွယ် မေးမြန်း စုံစမ်းလို့ မရသေးပါဘူး။











