မြောက်ဦးမြို့နယ်တွင် တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရွာဟောင်းတောကျေးရွာအနီး တံတားနားမှာ ဒီမနက် ၁၀ နာရီလောက်က တပ်မတော်ယာဉ်တန်းတွေ မိုင်း ၈ လုံး အဆွဲခံရပြီး ကားတစီးမှာ အနည်းငယ် ထိမှန်သွားတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနက်ပိုင်း ၁၀ နာရီလောက်မှာ အုပ်ချုပ်ရေးမှူးယာဉ်တန်း သွားနေတဲ့အချိန်မှာ မိုင်းဆွဲ ခံရတာ။ မိုင်း ၈ လုံးခွဲတာ၊ အေအေကခွဲတာ တလုံးကတော့မကွဲဘူး။ ၇ လုံးကွဲတယ်။ ကားကတော့ နည်းနည်းထိသွားတယ်။ အစပဲမှန်တာ။ ဘာမှမဖြစ်ဘူး။ မောင်းလို့ရတယ်။ တပ်မတော်သားတွေ တယောက်မှထိခိုက်ဒဏ်ရာရတာ မရှိဘူး။”
ထောင်ထားတဲ့ မိုင်းတွေဟာ အေအေဘက်ကထောင်ထားတာဖြစ်တယ်လို့ တပ်မတော်ဘက်က ပြောဆိုပေမယ့် အခုကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ရွာဟောင်းတော ကျေးရွာက ဦးကျော်နိုင်ဋ္ဌေးက “မိုင်းပေါက်သံတွေကတော့ ဆက်တိုက်ကြားလိုက်ရပါတယ်။ ပြီးတော့သေနတ်တွေ ဆက်တိုက် ပစ်ခတ်မှုတွေ လုပ်တယ်။ ဘယ်လိုထိခိုက် ဒဏ်ရာရတယ်။ မရဘူးဆိုတာတော့ ကျနော်တို့မသိဘူး။ ဒါပေမယ့် ကျေးရွာကလူတွေ အကုန် ကြောက်ပြီး အပြင်မထွက်ကြတော့ဘူး။ အိမ်ထဲမှာပဲ နေကြတယ်”လို့ ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း အဲ့ဒီနားမှာ ရက္ခိုင့်တပ်တော်အေအေဖက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိတယ်လို့ ရက္ခိုင့်တပ်တော်အေအေပြောရေး ဆိုခွင့်ရှိသူ ခိုင်သုကခကပြောဆိုပါတယ်။ စစ်လက်နက်ပစ္စည်းတွေတင်ဆောင်လာတဲ့မြန်မာစစ်တပ်ရဲ့ စစ်ယာဉ်တန်းတခုကို ကျနော်တို့ဖက် ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိတယ်။ အဲဒီမှာ သူတို့ရဲ့စက်လက်နက်ပစ္စည်းတွေသယ်ဆောင်လာတဲ့ ကားတစီးလုံးဝပျက်စီးသွားပြီးတော့ ပြီးတာ့ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ ထိခိုက်တာရော။ ဒဏ်ရာရတာရော၊ ကျဆုံးတာပေါင်းလို့ရှိရင်တော့ ၂၀ အထက်ရှိတယ်ဗျ။ အနည်းဆုံး၊လောလောဆယ်တော့ အဲ့ဒီလောက်ပဲသိထားတယ်။
အောက်တိုဘာ ၃၀ ရက်ကလည်း မြောက်ဦးမြို့ ကိုးသောင်းဘုရားပုထိုးအနီး ရွာဟောင်းတော ကျေးရွာတံတားနားမှာ မိုင်းတလုံးပေါက်ကွဲပြီး အရပ်သားတယောက် သေဆုံးခဲ့ပြီး တယောက်ပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။
သတင်း-ဝဏ္ဏခွာညို











