DVB Logo
Home
မြန်မာသတင်း
နယ်စပ်နေ ဒုက္ခသည်များ နေရပ်မပြန်လိုသေး
DVB
·
January 17, 2013
Donate to DVB

ထိုင်းအစိုးရက နယ်စပ်မှာနေထိုင်နေကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို  ၂ နှစ်အတွင်း နေရပ်ပြန်ပို့ဖို့ စီစဉ်နေပေမယ့်  ဒုက္ခသည်တွေကတော့  ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကြည့်ပြီး နေရပ်မပြန်ချင်ဘူးလို့  ပြောပါတယ်။

၁၀ နှစ်ကျော်ကြာအောင် အပစ်အခတ်ရပ်စဲထားခဲ့ပေမယ့် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာတာကို ကြည့်ပြီး နေရပ်ကိုပြန်ဖို့ စိုးရိမ်ပူပန်မိတယ်လို့ ထိုင်း-မြန်မာနယ်စပ် အုန်းဖျံ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေက ပြောပါတယ်။

ဒီလို နေရပ်ပြန်ပြီးတော့ နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာရင် သူတို့ရဲ့လုံခြုံရေးဟာ စိုးရိမ်စရာ ဖြစ်လာနိုင်တယ်ဆိုပြီး မပြန်ရဲတဲ့အကြောင်း အုန်းဖျံဒုက္ခသည်စခန်းအထဲမှာ နေတဲ့ ဒုက္ခသည်တဦးက ပြောပါတယ်။

“ကျမကလုံးဝ ပြန်ဖို့စိတ်မကူးဘူး။ စစ်အစိုးရကို အယုံအကြည်မရှိဘူးလေ။ ဒီအချိန်မှာပြန်ရင် ဘယ်လိုဒုက္ခတွေ ရင်ဆိုင်ရမယ်ဆိုတာ ကျမတို့ ကြိုမြင်ပြီးသားပဲလေ။ အပစ်အခတ်ရပ်စဲတယ်ဆိုတာ တကယ့်စာချုပ်နဲ့မဟုတ်ဘဲ သွားရောက်ပြောဆိုတဲ့ ပဏာမပဲရှိသေးတယ်။ ကျမတို့အတွက် ဒီအချိန်မှာ ဘာမှအာမခံချက်မရှိဘူးဆိုရင် ဒီအချိန်မှာ ဘယ်လိုပြန်မလဲ၊ မပြန်ရဲတာကတော့ ဒုက္ခသည်စခန်းမှာလာနေတဲ့ ဒုက္ခသည်တွေဟာ ကိုယ့်ဘ၀ အာမခံချက် ရှေ့ဆက်ဖို့က ဘာမှမသေချာ မရေရာဘဲ၊ ကျမတို့အတွက် ကြိုတင်ပြင်ဆင်ထားတာ စိတ်ချရလောက်တဲ့အတိုင်းအတာမရှိသေးဘူး။ မယုံကြည်တဲ့အတွက် မပြန်ရဲတာဖြစ်ပါတယ်။ ဥပမာ ကချင်ပြည်နယ်မှာ ၁၇ နှစ်တိုင်တိုင်နေပြီး အခု တိုက်ပွဲပြန်ဖြစ်တယ်။ တချိန်ကျ ကျမတို့ရော ဒီလိုမဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ကချင်ပြည်နယ်ကိုကြည့်ပြီး ကျမတို့အတွက်ကတော့ စိုးရိမ်စရာဖြစ်နေတယ်။”

အရင်တချိန်က နေရပ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရပြီးတော့ တမြေရပ်ခြားမှာ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းခဲ့ရသလို နေရပ်ကို ပြန်ရောက်ပြီး အခြေကျတဲ့အချိန် တိုက်ပွဲတွေ ပြန်ဖြစ်လာရင် နောက်တခါ ထပ်မံထွက်ပြေးရမှာကိုလည်း စိုးရိမ်တဲ့အကြောင်း တခြား ဒုက္ခသည်တဦးက ပြောပါတယ်။

“ကျမတို့က အစိုးရရဲ့ ခဏခဏ စစ်တိုက်တာ၊ အိမ်မီးရှို့ခံရတာတို့ အဲလိုမျိုးတွေခံစားခဲ့ရတဲ့အတွက် ကျမတို့ကို အတင်းပြန်ခိုင်းရင် ကျမတို့  ဆန္ဒမရှိသေးပါဘူး။ အစိုးရကို ကြောက်နေဆဲပါ။”

ထိုင်းပြည်ထဲရေးဝန်ကြီးက မယ်လ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့သူတွေ နဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာဒုက္ခသည်တွေကို  ၂ နှစ်အတွင်း နေရပ်ပြန်ပို့ဖို့ စီစဉ်နေပြီလို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာနိုင်ငံက စစ်ပြေးဒုက္ခသည်နဲ့ နိုင်ငံရေး ဒုက္ခသည်သိန်းချီ ခိုလှုံနေထိုင်ကြပြီး အများစု ဟာ ကရင်ပြည်နယ်က ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013