DVB Logo
Home
Lead Story
ထိုင်းပို့ကုန်များအပေါ် အမေရိကန်က GSP အခွန်ကင်းလွတ်ခွင့်ရပ်ဆိုင်းမှု ဂယက် (ဆောင်းပါး)
DVB
·
October 31, 2019
ထိုင်းပို့ကုန်များအပေါ် အမေရိကန်က GSP အခွန်ကင်းလွတ်ခွင့်ရပ်ဆိုင်းမှု ဂယက် (ဆောင်းပါး)
Donate to DVB

ထိုင်းနိုင်ငံပို့ကုန်ပစ္စည်း အမျိုးအစားပေါင်း ၅၀၀ ကျော်ကို ကုန်သွယ်မှုဆိုင်ရာ အထူး အခွင့်အရေးအနေနဲ့ GSP အခွန်ကင်းလွတ်ခွင့်ပေးထားတာကို အမေရိကန်ပြည်ထောင်စုက ရပ်ဆိုင်းတော့မယ့် အကြောင်း ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်သွားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးတွေကို ကမ္ဘာ့အလုပ်သမားအဖွဲ့  (အိုင်အယ်လ်အို)က ချမှတ်ထားတဲ့ စံချိန်စံနှုန်းအတိုင်း ဆောင်ရွက်ပေးနိုင်ခြင်းမရှိတာ ကြောင့် ၂၀၂၀ ဧပြီလ ၂၅ ရက်ကစပြီး အမေရိကန်ကို တင်သွင်း နေတဲ့ ထိုင်း ကုန်ပစ္စည်းအမျိုးအစားပေါင်း ၅၇၃ မျိုး၊ အမေရိကန်ဒေါ်လာသန်း ၁၃၀၀ ဖိုးလောက်ကို  အကောက်ခွန်ကင်းလွတ်ခွင့်ရပ်ဆိုင်းမယ့် အကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့က ကြေညာလိုက်တာပါ။

အဆိုပါ ကုန်ပစ္စည်းတွေထဲမှာ  ပင်လယ်ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန် ပစ္စည်းတွေ၊ အီလက်ထရောနစ် လျှပ်စစ်ပစ္စည်းတွေက အဓိက ပါဝင်ပါတယ်။

အဲဒီလုပ်ငန်းတွေမှာ အထူးသဖြင့် ပင်လယ်ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ နိုင်ငံခြားရွှေ့ပြောင်း အလုပ်သမားတွေက  အများဆုံးဝင်ရောက်လုပ်ကိုင်နေတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်း ထိုင်းရောက်မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့  အလုပ်လက်မဲ့ပြဿနာတွေနဲ့ ကြုံတွေ့နိုင်ဖွယ်ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ် ။

“အဲဒီကိစ္စမှာအစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ သူတို့က ငွေကြေးချမ်းသာလို့ ကျနော်တို့အောက်ခြေ အလုပ်သမားတွေလောက် သိပ်ပြီး ပြဿနာမရှိဘူးလို့ ထင်ပါတယ်။ သူတို့က ကုန်ပစ္စည်းအခွန်ဆောင်ရရင် ပစ္စည်းဈေးနှုန်းမြှင့်မယ်။ ပြီးတော့ အကုန်ကျစရိတ်သက်သာအောင် အလုပ်သမားတွေ လျှော့ချမယ်၊ လုပ်အားခတွေ လျှော့ချမယ်။ ခါတိုင်း လူ ၅၀ လောက်နဲ့ လုပ်ရမယ့် အလုပ်ကို အယောက် ၃၀ လောက်နဲ့ အတင်းတွန်းပြီးလုပ်ခိုင်းမယ်။ အဲဒါဆို အလုပ်လက်မဲ့တွေ အများကြီးရှိလာနိုင်တယ်ခင်ဗျ။ နိုင်ငံတကာအလုပ်သမားအရေးဆောင်ရွက်တဲ့ အဖွဲ့တွေကလည်း ထိုင်းက GSP ပိတ်ပင်ခံရလို့ အလုပ်လက်မဲ့ဦးရေက လာမယ့်နှစ်မှာ ၅ သိန်းကနေ ၆ သိန်းလောက် ရှိနိုင်မယ်လို့ ခန့်မှန်းထားတယ်လို့ သိရတယ်။”

အဆိုပါ အလုပ်လက်မဲ့ဦးရေတွေထဲမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေလည်း အများဆုံးပါရှိနိုင်ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံအစိုးရအနေနဲ့  ပြည်တော်ပြန် မိမိနိုင်ငံသား အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပြီး အသင့်ပြင်ထား သင့်ကြောင်း ဦးအောင်ကျော်က ပြောပါတယ်။

ချင်းမိုင်အခြေစိုက် လူ့အခွင့်အရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF က တာဝန်ခံ စိုင်းပိုင်းကတော့ အဆိုပါ GSP ပိတ်ပင်ခံရမှုဟာ လာမယ့်နှစ်မှာမှ အကြုံးဝင်မှာဖြစ်တဲ့အတွက် ထိုင်းအစိုးရအတွက် ပြင်ဆင်ချိန်တွေရှိသေးကတယ်လို့ ပြောပါတယ်။

“ကျနော့်အမြင်အရတော့ အဲဒီပိတ်ပင်မှုက လာမယ့်နှစ်မှ လုပ်မှာမို့ အလုပ်သမားတွေအနေနဲ့ သိပ်စိုးရိမ်စရာ မလိုဘူးလို့ ထင်ပါတယ်။ ဒီ ၆ လအတွင်း ထိုင်းအစိုးရအနေနဲ့  တခုခုတော့ လုပ်မှာပဲ လို့ ယုံကြည်တယ်။ အမေရိကန်က စွပ်စွဲထားတဲ့ အလုပ်သမားအခွင့်အရေး တန်းတူညီမျှမှုကို ဘယ်လို ပြုပြင် ပြောင်းလဲမလဲ ဆိုတာတွေပေါ့။”

အလားတူ  ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ မက်ပ်ဖောင်ဒေးရှင်း MAP Foundation က စိုင်းတုမ်မောက်ဟန်ကလည်း အမေရိကန်က ထိုင်းအပေါ် ခုလို ဒဏ်တပ်ခြင်းအားဖြင့် ထိုင်းအနေနဲ့ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို ပြုပြင်ပြောင်းလဲလာမယ်လို့ ယုံကြည်ကြောင်း၊ လက်ရှိအခြေအနေအရ အလုပ်သမားတွေမှာ လုပ်အားခအပြည့်မရတဲ့ ပြဿနာ၊ အချိန်ပိုလုပ်နေရတဲ့ပြဿနာတွေ ရင်ဆိုင်နေရဆဲလို့ ပြောသွားပါတယ် ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ကျဒူးမုန်းခုန်း ဆိုနကွန်း ကလည်း ထိုင်းနိုင်ငံအနေနဲ့ လူကုန်ကူးမှုပြဿနာတွေလည်း လျှော့ချနိုင်ခဲ့ပြီး  နိုင်ငံခြားရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးမှာလည်း ထိုင်းအလုပ်သမားတွေနဲ့ တန်းတူဖြစ်ကြောင်းပြောပါတယ်။

ဒါပေမယ့် ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ အလုပ်သမားအခွင့်အရေး စံချိန်မီဖို့ဆိုတာကတော့ ဘယ်နိုင်ငံကမှ မမီနိုင်သေးကြောင်း၊ ထိုင်းအလုပ်သမားတွေတောင် မရနိုင်သေးတဲ့ အခွင့်အရေးကို နိုင်ငံခြားအလုပ်သမားတွေရအောင် ဆောင်ရွက်ပေးဖို့ ဆိုတာမသင့်လျော်ဘူးလို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က GSP နဲ့ ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေကို သမဂ္ဂထူထောင်ခွင့်ပေးလိုက်ပါက သန်းနဲ့ချီတဲ့ ရွှေ့ပြောင်းအလုပ်သမားထုကြီးဟာ အလုပ်သမားအခွင့်အရေးကို အင်အားပြ တောင်းဆိုဆန္ဒပြမှုတွေ လုပ်လာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာမို့ ခွင့်ပြုဖို့ မသင့်လျော်ကြောင်း၊ ဒါပေမယ့် သူတို့ကို စက်ရုံအလိုက်၊ ကုမ္ပဏီအလိုက်၊ လုပ်ငန်းအမျိုးအစား အလိုက်တော့ အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ပြုထားတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းက GSP အထူးအခွင့်အရေး ပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာန အနေနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ စီမံစီးပွားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးတိုင်ပင်ကာ အမေရိကန်သံရုံး ကနေတဆင့် မိမိနိုင်ငံရဲ့ အခက်အခဲ အကြောင်းပြချက်တွေကို တင်ပြညှိနှိုင်းသွားမယ်လို့  ထိုင်း အလုပ်သမားဝန်ကြီးက ပြောသွားပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားကတော့ ဒီကိစ္ဓပေါ်မှာ အရမ်းဂယက်ထပြီး အလျင်စလို ဝေဖန်တောတွေမလုပ်ဖို့ ၊ ခန့်မှန်းပြောဆိုတာတွေမလုပ်ဖို့ ၊ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်အောင်မလုပ်ဖို့၊ အမေရိကန်ကလည်း သူတို့နိုင်ငံရဲ့ ဥပဒေနဲ့ သူတို့ သွားနေတာဖြစ်ပြီး ထိုင်းလည်း ထိုင်းဥပဒေနဲ့သွားနေတာဖြစ်ကြောင်း ၊ အခုလို ပိတ်ပင်ခံရတဲ့အပေါ် ကိုယ်လည်း ကိုယ့်နိုင်ငံရဲ့ ဂျီဒီပီကို ကိုယ်ပြန်ကြည့်ရမှာဖြစ်ကြောင်း ၊ ၆ လ အချိန်အတွင်း ဆွေးနွေးညှိနှိုင်းဖို့ အချိန်ရှိသေးကြောင်း  သတင်းထောက်တွေကို ပြောသွားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ အလုပ်သမားအရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်တွေ ဖြစ်တဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် လူစုဝေးခွင့်အခွင့်အရေးကိုကာကွယ်မှုဆိုင်ရာ သဘောတူညီချက်  နဲ့ စုစည်းခွင့်နဲ့ စုပေါင်းညှိနှိုင်းခြင်းဆိုင်ရာ သဘောတူစာချုပ်တွေမှာ လက်မှတ် ရေးထိုးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ GSP ရပ်ဆိုင်းခံထားရတာကို ပြန်လည်တုံ့ပြန်ဖို့ အစိုးရအနေနဲ့ အလုပ်သမားအခွင့်အရေးကာကွယ် မြှင့်တင်ဆောင်ရွက်ဖို့ ထိုင်းပညာတတ်အသိုင်းအဝန်းက တိုက်တွန်းပါတယ်။ 

ထိုင်းနိုင်ငံမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ တရားဝင်နိုင်ငံခြားသားအလုပ်သမားပေါင်း ၃ သန်းကျော် ရှိပြီး အများစုက မြန်မာနိုင်ငံက ဖြစ်ပါတယ်။ 

ကိုးကား- MCOT/PBS/THE NATION

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013