မြိုင်ကလေး ဘိလပ်မြေစက်ရုံအနီးကျေးရွာများတွင် ရေသန့်အရည်အသွေးကျဆင်းနေ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ရွာတချို့က အရောင်ပြောင်းနေတဲ့ရေတွေမှာ ကလိုရင်းဓာတ် များနေပြီး ရေသန့်အဆင့်ထက် နည်းနည်းကျနေတယ်လို့ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အသင်းက ပြောပါတယ်။
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မြိုင်ကလေး တန် ၄၀၀၀ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံနားက ရွာတချို့မှာ ဒီလအစောပိုင်းကစလို့ ရေအရောင်ပြောင်းလဲပြီး ငါးတွေ သေနေတာ ဖြစ်ပါတယ်။
စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM Myanmar) ဟာ အောက်တိုဘာ ၁၈ ရက်က ငါးတွေ ရုတ်တရက်သေဆုံးတဲ့နေရာအပါအဝင် စုစုပေါင်း ၁၀ နေရာက ရေနမူနာတွေ ကောက်ယူ စစ်ဆေးခဲ့ပြီး ရလဒ်ကို ထုတ်ပြန်လိုက်တာပါ။
ရေတွင်းကုန်းရွာက ငါးတွေသေခဲ့တဲ့ချောင်း၊ ဇီးတောအင်း၊ မရင်းကုန်းရွာက ရေနမူနာတွေကို ငါးတွေရှင်သန်ဖို့လိုအပ်တဲ့ ရေအရည်အသွေးအပြင် ဘိလပ်မြေစက်ရုံနဲ့ ဘိလပ်မြေ ကုန်ကြမ်း ထုတ်ယူတဲ့ တောင်ပတ်ဝန်းကျင်တဝိုက်မှာ ရေအရည်အသွေး ညစ်ညမ်းစေနိုင်တဲ့ ရေအရည်အသွေး တိုင်းတာခဲ့ပါတယ်။
ပြီးတော့ ရွာတွေမှာ သောက်သုံးနေတဲ့ ရေတွင်း ၇ တွင်းက ရေတွေက အမည်းရောင် ပြောင်းနေတာကြောင့် သောက်သုံးဖို့ သင့်မသင့် သိနိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးပြ (Parameter) ၁၄ မျိုးကို အဓိက ရွေးချယ်တိုင်းတာခဲ့ပါတယ်။
အဲဒီတွင်းရေတွေတချို့မှာ ရေသန့်အဆင့်ထက် နည်းနည်းကျနေတာကလွဲလို့ တခြား အရည်အသွေးကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သောက်သုံးရေစံနှုန်းထဲမှာပဲ ရှိနေတာကို တွေ့ရတာကြောင့် စနစ်တကျ ရေစစ်တာ၊ ကျိုချက်တဲ့ နည်းတွေသုံးပြီး သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။
ရေတွင်းကုန်းရွာ ငါးသေချောင်းရိုး၊ ဇီးတောအင်းနဲ့ မရင်းကုန်းရွာက ရေနမူနာတို့မှာတော့ ဖော့စဖိတ်နဲ့ ကလိုရင်းဓာတ်တွေဟာ US EPA Suface water စံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရပြီး မရင်းကုန်းရွာချောင်းရေမှာ BOD နဲ့ COD ပါဝင်တာများနေတယ်လို့ ဆိုပါတယ်။
BOD နဲ့ COD များတာကြောင့် အောက်စီဂျင်လျော့သွားပြီး ဖော့စဖိတ် ပါဝင်တာကြောင့် အပင်(Algae)တွေ ပေါက်ပွားတာ၊ အောက်စီဂျင်လျော့တာကို ဖြစ်နေနိုင်ပါတယ်။ ကလိုရင်းဓာတ် များတာကြောင့် ရေနေငါးတွေ အဆိပ်သင့်စေတယ်လို့ ဆိုပါတယ်။
ရေတွင်းကုန်းရွာ ငါးသေချောင်းရိုးမှာ ကလိုရင်းပါဝင်မှုဟာ ၀ ဒသမ ၆၄ ppm အထိ မြင့်တက်နေပြီး ဇီးတောအင်း ရေနမူနာမှာ ၀ ဒသမ ၃၇ ppm၊ မရင်းကုန်းရွာချောင်း ရေနမူနာမှာ ၀ ဒသမ ၂၁ ppm ဖြစ်တာကြောင့် US EPA Surface Water Standard for Aquatic Life ၀ ဒသမ ၀၅ ppm ထက်ကျော်လွန်နေပါတယ်။
ဒီပမာဏဟာ လူတွေအတွက် မပြောပလောက်ပေမယ့် ရေနေငါးတွေအတွက်တော့ အဆိပ်သင့်စေတဲ့ ပမာဏဖြစ်ပါတယ်။
လူတွေသောက်သုံးဖို့အတွက် ကန့်သတ် ကလိုရင်း ပမာဏက ၂ ppm ဖြစ်ပြီး ငါးတွေအတွက်ကတော့ ဝ ဒသမ ဝ၅ ppm အောက်မှာ ရှိနေရမှာဖြစ်ပါတယ်။
ဒါပေမယ့် ရေနမူနာတွေဟာ ငါးတွေသေပြီး ၄ ရက်ကြာမှကောက်ယူခဲ့တာဖြစ်လို့ တချို့ အရည်အသွေးတို့မှာ အနယ်ပါတာနဲ့ တခြားဓာတ်တွေ နည်းနည်း လျော့ကျနေတာကြောင့် အချိန်နဲ့ တပြေးညီ ကိုယ်စားပြုရေနမူနာတွေရယူပြီး အနယ်တွေကို စစ်ဆေးဖို့ လိုတယ်လို့ ALARM Myanmar က ဆိုပါတယ်။
ရေထဲမှာ ကလိုရင်းပါတာကြောင့် အရေပြား ရောင်ရမ်းတာ၊ နီစပ်စပ်ဖြစ်တာ၊ အရည်ကြည်ဖုထတာ၊ ယားယံတာနဲ့ ငါးတွေသေဆုံးတာဖြစ်စေနိုင်ပါတယ်။
ကလိုရင်းဓာတ်ကတော့ ဘိလပ်မြေထုတ်လုပ်တဲ့ ကုန်ကြမ်းတွေနဲ့ ဘေးထွက်စွန့်ပြစ် အမှိုက်တွေကနေ ထွက်နိုင်ပါတယ်။ ပြီးတော့ စက်ရုံစွန့်ပစ်ပစ္စည်းတွေကနေ ထုတ်ထားတဲ့ လောင်စာတောင့်တွေ၊ လောင်စာတွေကို သုံးတာကနေလည်း ထွက်လာနိုင်ပါတယ်။
ဒါကြောင့် စက်ရုံတွေမှာ ကလိုရင်းထွက်တာကို ထိန်းချုပ်နိုင်ဖို့ Chlorine bypass system တွေကို စိစစ်ဖို့နဲ့ လိုအပ်ရင် Chlorine filter bag တွေ၊ chlorine bypass filter Fan တွေ၊ Flow Rate တွေကို ထပ်ပြီး တိုးချဲ့ဖို့နဲ့ ရေကြီးရေလျှံတာတွေအတွက် ကြိုတင်ကာကွယ်တဲ့ အစီအစဉ်တွေလုပ်ထားဖို့ ALARM Myanmar က အကြံပြုထားပါတယ်။
လက်ရှိမှာတော့ အဲဒီရွာတွေမှာ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ရွေ့လျားရေသန့်စင်စက် မော်တော်ကားနဲ့ ရေသန့်တွေဖြန့်ပေးနေသလို အဝီစိတွင်းတွေတူပြီးတော့လည်း ရေသန့်စက်တွေ တပ်ပေးဖို့ စီစဉ်နေပါတယ်။











