DVB Logo
Home
မေးမြန်းခန်း
လယ်သမားထုကြီးရဲ့ အခက်အခဲကို အစိုးရက ၀င်ဖြေရှင်းပါ – ဦးအုန်းကြိုင်
DVB
·
January 17, 2013
လယ်သမားထုကြီးရဲ့ အခက်အခဲကို အစိုးရက ၀င်ဖြေရှင်းပါ – ဦးအုန်းကြိုင်
Donate to DVB

ပြည်ထောင်စုအစိုးရရဲ့ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းမူကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဇန်န၀ါရီ ၁၇ ရက်နေ့က ၅ ရက်မြောက် နောက်ဆုံးနေ့အဖြစ် ဆက်လက်ဆွေးနွေးရာမှာ မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်အမတ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က လယ်ယာကဏ္ဍကို ဦးစီးပေးမြှင့်တင်ဖို့ တိုက်တွန်းတင်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အမတ် ဦးအုန်းကြိုင်ကို ဒီတင်ပြချက်နဲ့ ပတ်သက်လို့ ဒီဗွီဘီက တွေ့ဆုံမေးမြန်း ထားပါတယ်။

လွှတ်တော်မှာ တင်ပြခဲ့တဲ့ အမျိုးသားစီမံကိန်းနဲ့ ပတ်သက်ပြီး ဆန်စပါးကိစ္စကို ဇောင်းပေးပြောတယ် ဆိုတော့ အမျိုးသားစီမံကိန်း ၅ နှစ်တာကာလမှာ ဆန်စပါးကိစ္စက ဘယ်လောက် အရေးပါလဲ။

“ကျနော်တို့နိုင်ငံက ဆန်စပါးအဓိကထားပြီး စိုက်ပျိုးထုတ်လွှင့်တဲ့နိုင်ငံ။ ကျနော်ုတို့နိုင်ငံ ဂျီဒီပီရဲ့ အများစုက ဆန်စပါး ထုတ်လုပ်မှုပဲ။ ဆန်စပါးထုတ်လုပ်မှု တိုးတက်အောင် လုပ်နိုင်ရင် ကျနော်တို့နိုင်ငံ လူနေမှုအဆင့် မြင့်လာမှာပဲ။ နိုင်ငံရဲ့ စီမံကိန်းတွေ ကြည့်ရင်လည်းပဲ နှစ်စဉ်တိုင်း လယ်ယာစိုက်ပျိုးရေးကို အဓိက အခြေခံတဲ့ နိုင်ငံဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးကနေပြီး အရင်းနှီးတွေရအောင် ကြိုးစားရမယ်။ လယ်ယာစိုက်ပျိုးရေးဟာ ပြည်သူ ၇၀ ရာခိုင်နှုန်း အသက်မွေးဝမ်းကျောင်းတဲ့ နေရာလည်း ဖြစ်တယ်။ ကျနော်တို့ရဲ့ လုပ်အားထုကြီးက လယ်ပြင်ကြီးပဲ။ အဲဒီ လုပ်အားထုကြီးကို အများဆုံးထုတ်လုပ်နိုင်အောင် အစိုးရက လုပ်သင့်တယ်လို့ ကျနော်ပြောချင်တယ်။ သူများတွေ စိတ်ကူးယဉ်သလို စက်မှုထွန်းကားချင်တာ။ ကျနော်တို့လည်း စက်မှု ထွန်းကားချင်တာပဲ။ သို့သော် ဖြစ်နိုင်ချေဆိုတာ ရှိတယ်။ တခါတလေကျရင် စိတ်ကူးချည်းပဲ ယဉ်လို့မရဘူး။ ကျနော်တို့ ကလေးတွေ ဘယ်လောက်စာတတ်ပြီလဲ၊ စက်မှုဆိုတာ အရင်းနှီးလိုတယ်။ ကျနော်တို့ကလေးတွေက စာမတတ်ဘူး။ စာမတတ်တာကို တတ်အောင်မှ သင်မပေးဘဲ။ စာမတတ်တဲ့ကလေးတွေကို ကျနော်တို့ ဘယ်လိုအလုပ်ရှာပေးကြမလဲ။  သူတို့ ဘာမှမလုပ်တတ်ပဲ။

“အဲဒါတွေကို စိတ်ကူးယဉ်နေမယ့်အစား တကယ် ကျနော်တို့ရဲ့ မိရိုးဖလာလုပ်ငန်းလည်း ဖြစ်တယ်။ လယ်သမားအားလုံးကလည်း အင်တိုက်အားတိုက် စိုက်ပျိုးနိုင်တယ်။ နည်းပညာအသစ်အဆန်းတွေ တီထွင်ရမယ်၊ ထည့်သွင်းရမယ်ဆိုပေမယ့် သိပ်အခက်ခဲ မကြီးတဲ့ဟာတွေ ဖြစ်တယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဗီယက်နမ်တို့၊ ထိုင်းတို့မှာ အောင်မြင်ကျော်တက်သွားသလို အစိုးရကပါ ၀င်ပြီးတော့ အင်တိုက်အားတိုက် ကူညီပေးပြီးတော့ စိုက်သင့်တယ်။ ဒါကို ကမ္ဘာ့ဖွံ့ဖြိုးတဲ့ နိုင်ငံကြီးတွေမှာလည်း လုပ်နေတယ်။ အမေရိကန်ဆို အခုထိ ပြောင်းကို အဓိက စိုက်နေတယ်။ ထွက်လာတဲ့ပြောင်းတွေကို အစိုးရက ရောင်းပေးတယ်။ ဘယ်လောက်သေချာလဲဆိုရင် ကမ္ဘာမှာ ပြောင်းဈေးကနေတယ်ဆိုရင် အစိုးရက ပြောင်းတောင်သူတွေကို ၀က်ပြောင်းပြီး မွေးခိုင်းတယ်။ ပြောင်းကို ၀က်စာကျွေးပြီးတော့ ၀က်သားရောင်းပေးတယ်။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူလူထုရဲ့ အောင်မြင်မှုအတွက် အခက်ခဲတွေကို လိုက်ပြီးတော့ ကူညီနေတာလို့ ကျနော်နားလည်တယ်။ ဒါကြောင့် လယ်သားထုကြီးရဲ့ ဘ၀ကို မြှင့်စေချင်တယ်ဆိုရင် ပြောမနေပါနဲ့ နိုင်ငံတော်ရဲ့ အရင်းနှီးတွေ အကုန်လုံးကို အဲမှာ ပြုံသွင်းလိုက်။ အခုဆိုရင် ဒေါ်လာသန်းနဲ့ ထောင်နဲ့ချီပြီးတော့ လှူမယ့်သူတွေလည်းရှိနေတော့ ရင်းလိုက်ပေါ့။ ချွတ်ခြုံကျနေတဲ့ စက်ရုံကို အရင်းနှီးထပ်ဖြည့်ပေးတာထက်စာရင် လယ်သမားပေးတာက အနည်းလေး လူတွေ စားရသေးတာပေါ့။”

အခု လယ်ယာမြေကဏ္ဍကို ဦးစားပေးတဲ့အခါမှာ တကယ့်အခြေအနေတွေကရှိတယ်။ အတတ်ပညာသုတေသနလုပ်ငန်းတွေပေါ့။ အခု လယ်ယာမြေကဏ္ဍထက်စာရင် တိုက်ပွဲတွေ ဖြစ်တဲ့အခါ ကျည်ဆန် ၁ လုံးရဲ့ တန်ဖိုးက ဒေါ်လာနဲ့အများကြီးပေးရတယ်။ လယ်ယာမြေ ဖြစ်ထွန်းတိုးတက်မှုနဲ့ စစ်ပွဲနဲ့ ဆက်စပ် သုံးသပ်ပြပါလား။

“စစ်ပွဲတွေဖြစ်ရခြင်းအကြောင်းက အကျိုးစီးပွားမညီမျှမှုက စတာပဲ။ လူတွေရဲ့ ဘ၀အခြေအနေမဖူလုံမှု။ အကျိုးစီးပွားမညီမျှမှု။ အဲတော့ တယောက် တယောက် သူက ပိုစားသလို ငါက ပိုစားသလို ဖြစ်နေတာပေါ့။ ကိုယ့်တိုင်းရင်းသားအချင်းချင်းပဲ။ တချိန်ကတော့ ဗြိတိသျှကို တူတူ တော်လှန်ခဲ့ကြတယ်။ လွတ်လပ်ရေးခေါင်းဆောင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်က အတူတူ ကြိုးပမ်းတဲ့ လူတွေအဖြစ်နဲ့ တိုင်းရင်းသားတွေ အကုန်ပါခဲ့ကြတယ်။ နောက်ပိုင်းကျတော့ တိုးတက်လာတဲ့ခေတ်သစ်မှာ တက်လာတဲ့ အစိုးရတွေက အကျိုးစီးပွားခွဲဝေမှုက မညီမျှဘူး။ နိုင်ငံရေးတန်းတူညီမျှမှုတွေ မပေးနိုင်ဘူး။ အဲတော့ သူကပိုစားရသလို ငါကပိုစားရသလို အမြင်တွေ၊ တယောက်နဲ့တယောက် သံသဃ၀င်ကုန်ကြတာပေါ့။ ဒါတွေဟာ တကယ်သာ ထုတ်လုပ်မှုတွေ တိုးအောင်လုပ်နိုင်လို့ တိုင်းပြည်ရဲ့ ဂျီဒီပီတွေ မြင့်လာမယ်ဆိုရင် ပြည်သူလူထု စိတ်ကျေနပ်အောင် အစိုးရက ဖြည့်ဆည်းပေးနိုင်မယ်။ အဲကျရင်တော့ အထိုက်အလျောက် ဒါတွေဟာ လျော့သွားမယ်။ သို့သော် အမြင်စောင်းနေတဲ့ကိစ္စတွေကျတော့ နိုင်ငံရေးအရ ထိုင်ပြီး ကျေကျေလည်လည်ဆွေးနွေးမှ ရမယ်။”

ဆန်စပါးမှာ စပါးကျီလို့ပြောရာက အခုက တော်တော်နောက်ကော်ကျခဲ့ပြီဆိုတော့ ဆန်စပါးဖြစ်ထွန်းတိုးတက်မှုမှာ သုတေသနလုပ်ငန်းတွေ၊ ကြိတ်ခွဲနည်းပညာတွေ ရှိမယ်။ သွင်းကုန်သွင်းအားစုတွေရှိမယ်။ ဒါပေမယ့် အရမ်းအခြေခံကျတဲ့ လယ်ယာမြေတွေကို လယ်သမားတွေက လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မှာ လယ်သမားတွေဟာ တပ်ပိုင်မြေ၊ နိုင်ငံတော်ပိုင်မြေ စသဖြင့် သိမ်းခံရတာတွေ ရှိတော့ ဒါတွေက အခြေခံမကျဘူးလား။
“ဒါတွေလည်း ဖြေရှင်းပစ်ရမယ်။ လွှတ်တော်ကလည်း စဉ်းစားနေပြီ။ ကျနော်ထည့်မပြောတာက လွှတ်တော်ကနေ စဉ်းစားနေတဲ့ ကိစ္စမို့လို့ လုပ်နေပြီဖြစ်တယ်။ ဥပမာ ခရိုနီဆီက သိမ်းထားတဲ့ လယ်တွေ။ တပ်ကသိမ်းထားတဲ့ လယ်တွေ။ ဒါတွေကို ဖော်ထုတ်ဖို့ ပြီးခဲ့တဲ့ ပဉ္စမအကြိမ်လွှတ်တော်ကပဲ ကျနော်တို့လူတွေလည်း ပါတယ်။ ဘယ်လောက်ခရီးရောက်နေပြီလဲ မသိဘူး။ လုပ်နေပြီဖြစ်လို့ ကျနော်ထည့်မပြောတာပါ။ ကျနော်ပြောချင်တာက လယ်သမားထုကြီးရဲ့ အခက်အခဲကို အစိုးရက ၀င်ဖြေရှင်းပါ။ ရှင်းတယ်။ လယ်သမားအရင်းအနှီးမရှိဘူးလို့ ညည်းမနေစေနဲ့။ အစိုးရကပေးပေါ့။ လယ်သမားကို စိုက်ခိုင်း။ လယ်သမားဖွံ့ဖြိုးတိုးတက်လာရင် တိုင်းပြည်ရဲ့လူနေမှုအဆင့်တွေက မြင့်လာမယ်။ အဲကျရင် ကျနော်တို့ချင်း သံသဃတွေလည်း ပြေကုန်မယ်။ တိုင်းပြည်ကပိုပြီး ငြိမ်းချမ်းသာယာလာမယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013