DVB Logo
Home
Lead Story
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
October 31, 2019
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
Donate to DVB

       အပတ်စဉ်ပုံမှန်တင်ဆက်နေကျဖြစ်တဲ့ Movie Crazy အစီအစဉ်ကနေ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ ရုံတင်ပြသတော့မယ့်၊ ရုံတင်ပြသနေဆဲဖြစ်တဲ့ ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ အကြောင်းကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

       မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Biography, Crime, Drama အမျိုးအစားရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Irishman !

ဒီကားကိုတော့ Netflix မီဒီယာကော်ပိုရေးရှင်းကနေ တင်ဆက်လိုက်တာဖြစ်ပြီး The Aviator, The Wolf of Wall Street စတဲ့ နာမည်ကြီးရုပ်ရှင်ကားတွေရဲ့ ဖန်တီးရှင် ဝါရင့်ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Martin Scorsese က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

အမေရိကန်စုံထောက် စာရေးဆရာ Charles Brandt ရဲ့ I Heard You Paint Houses စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကတော့ အိုင်းရစ်ချ်-အမေရိကန် လက်မရွံ့ ကြေးစား လူသတ်သမား Frank Sheeran အကြောင်းကို ရိုက်ကူးထားခဲ့တာပါ။

ဒီကားထဲမှာတော့ ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသားကြီး ၂ ယောက် ဖြစ်တဲ့ Robert De Niro ၊ Al Pacino တို့က ခေါင်းဆောင်ပါဝင်ထားပြီး ဘယ်လို အလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ် ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက်ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။

IMDb မှာတော့ ဒီရုပ်ရှင်ကားဟာ Rating 8.6 အထိ ရရှိထားတဲ့ ဇာတ်ကား ကောင်းတကား ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ယူကျုဘ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့တာပါ။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က  နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ New York Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။

ထူးခြားတာကတော့ ဒီရုပ်ရှင်ကားဟာ ကြာမြင့်ချိန် Duration ၃ နာရီခွဲလောက်ရှိပြီး အမေရိကန်နိုင်ငံမှာတော့ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။

       နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဘောလိဝုဒ်ရုပ်ရှင် ပရိ သတ်တွေ အတွက် နာမည်ကျော် Housefull ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်အနေနဲ့ ထွက်ရှိလာတဲ့ Housefull 4 !

       ဒရာမာဇာတ်မြူးရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ပြီးခဲ့တဲ့ Housefull 3 ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် အိန္ဒိယရုပ်ရှင် ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး အိန္ဒိယ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Fox Star Studios က တင်ဆက် လိုက်တာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်လောက်က သေဆုံးသွားခဲ့တဲ့ စုံတွဲ ၃ တွဲဟာ လူဝင်စားတွေအဖြစ်နဲ့ ပြန်တွေ့ခဲ့ကြပေမယ့် အတွဲတွေက မတူကြတော့ပဲ လက်ထပ်ထားနှင့်ကြပြီးဖြစ်တဲ့ အခြေအနေမှာ ဘယ်လိုတွေ ဖြစ်ကြမလဲ၊ ဘယ်လို ကမောက်ကမ အလွဲအချော်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ သရုပ်ဆောင်မင်းသား Akshay Kumar နဲ့အတူ တခြားအိန္ဒိယ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Riteish Deshmukh၊ Bobby Deol ၊ Kriti Sanon နဲ့ Pooja Hegde စတဲ့ သရုပ်ဆောင်တွေအများကြီးက ပါဝင်ထားကြတာပါ။

အိန္ဒိယရူပီးသန်း ၇၅၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကတော့ ဟင်ဒီ စကားပြောရုပ်ရှင်အနေနဲ့ ရှုစားကြရမှာဖြစ်ပြီး ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇၅ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၄၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက စတင်ပြီး ရုံတင်ပြသနေတာ ဖြစ်ပါတယ်။

       မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံမတင် ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မြန်မာရုပ်ရှင် - ထာဝရနှောင်ကြိုး !

ဒီကားကိုတော့ Central Base Productions က စီစဉ်ပြီး လူငယ်အမျိုးသမီးရုပ် ရှင်ဒါရိုက်တာ ခရစ္စတီးနားခီက တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ တော့ ပရိသတ်အချစ်တော် မင်းသား ဇဏ်ခီနဲ့ ပိုင်ဖြိုးသုတို့ ခေါင်းဆောင်ပါဝင်ထားကြ တာဖြစ်ပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ မင်းညို၊ ရဲနောင်ချို၊ ဂျူးဂျူးကေနဲ့ ကလေး သရုပ်ဆောင် ဇူးဇူးဟန်နီထွေးတို့ကလည်း ပါဝင်ထားကြတာပါ။

       ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဇာတ်ကားထဲမှာ ပါဝင်အသုံးပြုထားတဲ့ ဂီတပိုင်းကိုတော့ ဇဏ်ခီက တာဝန်ယူထားတာဖြစ်ပြီး ဇာတ်ဝင်သီချင်း ၆ ပုဒ်ထိ ထည့် သွင်း အသုံးပြုထားပါတယ်။

နိုင်ငံတကာမှာ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိခဲ့ပြီး အောင်မြင်မှုရရှိခဲ့တဲ့ မုဒြာရဲ့ခေါ်သံ၊ ပရိသတ်တွေကြား ပွဲဆူစေခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားတွေနဲ့ ပရိသတ်အားပေးလက်ခံ မှုရရှိထားတဲ့ ခရစ္စတီးနားခီရဲ့ တတိယမြောက်ရုပ်ရှင်ကားကရော ဘယ်လိုထွက်ရှိလာမ လဲ၊ မီရုပ်ရှင်ကားနဲ့တင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီဆုရှင် ပိုင်ဖြိုးသုနဲ့ ခီမောင်နှံရဲ့ ပူးပေါင်းဖန်တီးမှုက ဘယ်လိုတွေ ဖြစ်လာလိမ့်မလဲဆိုတာကို လည်း အားလုံးက စိတ်ဝင်စားနေကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

       လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

       ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ အမေရိကန်သမိုင်းနဲ့ ဖြစ် ရပ်မှန်အထုပတ္တိဒရာမာ ရုပ်ရှင်-Harriet !

       Focus Features ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကို တော့ ဟောလိဝုဒ် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Kasi Lemmons က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။

       ဒီကားကတော့ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းစစ်မတိုင်ခင်နဲ့ ပြည်တွင်းစစ်ကာလ တွေအတွင်း ကျွန်စနစ်ပပျောက်ရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ အမျိုးသမီး Harriet Tubman အကြောင်းကို ရိုက်ကူးထားတာပါ။ ရာနဲ့ချီတဲ့ ကျွန်ပြုခံရသူတွေကို လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့ တဲ့ သူ့ရဲ့အကြောင်းကို ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ ပရိသတ်တွေက ဒီကားထဲ မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

       ဒီကားထဲမှာတော့ ဟောလိဝုဒ်လူမည်းအမျိုးသမီး သရုပ်ဆောင် Cynthia Erivo က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေအနေနဲ့ Leslie Odom Jr. ၊ Joe Alwyn ၊ Janelle Monáe စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာပါ။

       ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့က နာ မည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival မှာ ပြသခဲ့ တာ ဖြစ်ပါတယ်။

       ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့် တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့ မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

       ကြာမြင့်ချိန် ၁၂၅ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

       မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ဝါရင့်သ ရုပ်ဆောင်မင်းသမီး သက်မွန်မြင့် ခေါင်းဆောင်ပါဝင်ထားတဲ့ ရုပ်ရှင်ကားပါ။ ဒီကားရဲ့ နာ မည်ကတော့ သခင်ကြီးနှင့် ငါးပိတို့စရာ !

       Real Bros. Film Production က ပွဲဦးထွက် တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကား ကတော့ ဈာန်သခင်သွေးရဲ့ ဇာတ်လမ်းကို နေစိုးသော်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက် တာ စတီးလ်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

       အမျိုးသမီးဇာတ်ရုပ်အသားပေး ရုပ်ရှင်ကားတကားအနေနဲ့ ဖန်တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကားထဲမှာ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီး သက်မွန်မြင့်နဲ့အတူ တ ခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ ရွှေသမီး၊ နေရဲ၊ မင်းခ၊ သိန်းလင်းစတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ပြည်သူ့ရင်ပြင်မှာ LED Screening နဲ့ ပြသခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်းနဲ့ချီ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒီကားကိုတော့ လာမယ့် အောက်တိုဘာလ ၃၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ် ပါတယ်။

Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၉.၁၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013