
ထိုင်း-မြန်မာနယ်စပ်ဆီ ဦးတည်မောင်းနှင်နေတဲ့ လျှို့ဝှက်ဗန်ကားတစီးကို ရဲတပ်ဖွဲ့က ကြားဖြတ်စစ်ဆေးပြီးနောက် တရားမဝင် ဝင်ရောက်လာသူ နိုင်ငံခြားသား ၉ ယောက်နဲ့အတူ သူတို့ကို ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ယာဥ်မောင်းတယောက်ကို ဖမ်းဆီးခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဇွန် ၂၂ ရက်က ဖော်ပြပါတယ်။
အခုလို ဖမ်းဆီးနိုင်ခဲ့တာဟာ ဒူဘိုင်းက ကောလ်စင်တာငွေလိမ်ဂိုဏ်းရဲ့ သားကောင် ဖြစ်ခဲ့ဖူးသူ တယောက်ဆီကနေ ပြီးခဲ့တဲ့ စနေနေ့မှာ သတင်းပေးချက် ရရှိခဲ့တာကြောင့် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ သတင်းပေးသူက နယ်စပ်ဆီ ဦးတည်မောင်းနှင်နေတဲ့ ဗန်ကားတစီးပေါ်မှာ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခံထားရပြီး အကူအညီတောင်းခံနေတဲ့ နိုင်ငံခြားသားတွေဆီကနေ မက်ဆေ့ခ်ျတွေ လက်ခံရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဆီ တိုင်ကြားခဲ့တာပါ။
ရဲအရာရှိတွေက သံသယရှိတဲ့ ဗန်ကားကို တားဆီးစစ်ဆေးရာမှာတော့ ကားမောင်းလာသူဟာ အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသား သန်းဇော်ထွန်း ဖြစ်ကြောင်းစစ်ဆေး တွေ့ရှိခဲ့ရသလို ကားထဲမှာတော့ နိုင်ဂျီးရီးယားနိုင်ငံသား ၄ ယောက်၊ အိန္ဒိယနိုင်ငံသား ၂ ယောက်၊ ကင်မရွန်းနိုင်ငံသား ၁ ယောက်၊ ယူဂန်ဒါ နိုင်ငံသား တယောက်နဲ့ ဗီယက်နမ် နိုင်ငံသား တယောက် စုစုပေါင်း နိုင်ငံခြားသား ၉ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ထဲက တချို့မှာ ခရီးသွားလာခွင့် အထောက်အထား လုံးဝမပါရှိသလို တချို့ကလည်း သဘာဝနယ်စပ်ဖြတ်ကျော်လမ်းကြောင်းတွေကနေတဆင့် ထိုင်းနိုင်ငံထဲ တရားမဝင် ခိုးဝင်လာကြတာလို့ ဆိုပါတယ်။
မြန်မာယာဉ်မောင်းကတော့ သူ့အနေနဲ့ တယ်လီဂရမ်ကတဆင့် ကိုရဲလို့ လူသိများတဲ့ လူပွဲစားရဲ့ ညွှန်ကြားချက်အရ အခုလို သယ်ဆောင်ပေးခဲ့တာဖြစ်ကြောင်း ဝန်ခံထားပြီး သူဟာ အဆိုပါလူစုကို မြန်မာနိုင်ငံထဲ ဆက်လက်ထွက်ခွာနိုင်ဖို့အတွက် တာ့ခ်ခရိုင်ဆီ ပို့ဆောင်ပေးရမှာဖြစ်ကာ တယောက်ကို ထိုင်းဘတ် ၂,၀၀၀ စီ အခကြေးငွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား ၉ ယောက်ကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု၊ တရားမဝင် နေထိုင်မှုတွေနဲ့ တရားစွဲဆိုထားပြီး၊ မြန်မာယာဉ်မောင်း သန်းဇော်ထွန်း ကိုတော့ တရားမဝင် ခိုးဝင်လာသူတွေကို ကူညီပေးမှု၊ ဝှက်ပေးမှုနဲ့ သယ်ဆောင်ပေးမှုတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
Source: Bangkok Post










