Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ပိတ်မိနေသည့် စည်တောင်ရွာသားများကို ဘေးလွတ်ရာ ပို့ဆောင် 
DVB
·
October 30, 2019
76955255_196898714665863_8171132373916712960_o
75354883_196895994666135_4468807076558143488_o
74237758_196898657999202_3674235481098289152_o
74283329_196917394663995_388132363428691968_o
73150695_196895911332810_4075682432123142144_o
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှာ  တိုက်ပွဲဖြစ်ပြီး ပိတ်မိကျန်နေခဲ့တဲ့ ကျေးရွာသားတွေကို ဘေးလွတ်ရာ  ပို့ဆောင်လိုက်ပြီလို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ဒီဗွီဘီကို ပြောပါတယ်။ "ဒီမနက်အစောကြီးကတည်းက သူတို့ရဲ့ဆန္ဒအတိုင်း ရသေ့‌တောင်မြို့နယ်၊  ဆင်ခုန်းတိုင်ကျေးရွာသို့ ပို့ဆောင်ထားပါတယ်။ သက်ကြီးရွယ်အိုတွေရော ကလေးတွေပါ ပါပါတယ်။” အဆိုပါရွာသားတွေကို ရသေ့တောင်မြို့နယ် ဆင်ခုန်းတိုင်ကျေးရွာကို အောက်တိုဘာ ၃၀ ရက်မနက်က ပို့ဆောင်လိုက်တာဖြစ်ပြီး အဲဒီကျေးရွာဟာ စည်တောင်ကျေးရွာနဲ့ ချောင်းတခုသာခြားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဆင်ခုံးတိုင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုမောင်ဘုက "စည်တောင်ကျေးရွာသားတွေ ကျနော်တို့ ကျေးရွာသို့ ရောက်နေပါပြီ။ သူတို့ကိုတော့ အဆင်ပြေတဲ့နေရာတွေမှာ နေရာချထားပေး ထားပါတယ်။ ဒဏ်ရာရရှိသူတွေတော့ မပါပါဘူး။ စည်တောင်ကျေးရွာက အားလုံးလူဦးရေ ၂၀၀ လောက်ရောက်နေပါပြီ"လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ တိုက်ပွဲတွေ စဖြစ်ကတည်း  ဘူးသီးတောင်မြို့နယ် စည်တောင်၊ စပါးထား၊ ကံပြင် စတဲ့ကျေးရွာတွေ စစ်ဘေးရှောင်တွေဟာ ဆင်ခုန်းတိုင်ကျေးရွာမှာ ရောက်ရှိခိုလှုံနေကြတာပါ။  လက်ရှိ ဆင်ခုန်းတိုင်ရွာဒုက္ခသည်စခန်းမှာ အရင်ဒုက္ခသည် အိမ်ထောင်စု ၃၅ စု  လူဦး ၁၂၀ ဦးရှိနေရာက ယခု လူဦးရေ ၂၀၀ ခန့်တိုးလာတယ်လို့ သိရပါတယ်။ အဆိုပါကျေးရွာကို မြန်မာ့တပ်မတော်စစ်ကြောင်းတခုက အောက်တိုဘာ ၂၈ ရက် မနက်က ပစ်ခတ်ဝင်ရောက်လာခဲ့လို့ ရွာသား ၂၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတချို့နဲ့ ဒဏ်ရာရရှိထားသူ ၂ ဦးလည်း ပိတ်မိကျန်နေ ခဲ့တယ်လို့ ဘူးသီးတောမြို့နယ် ပြည်နယ်လွှတ်တော် အမတ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။ "ရွာသားတွေ ဖုန်းဆက်လာတယ်။ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိတာ ရှိတယ်လို့ ပြောလာတယ်။ မွေးဖွားပြီးစ ကလေးအမေတဦးအပါအဝင် ရွာမှာသက်ကြီးရွယ်အို အများစု ပိတ်မိနေတယ်။ ဒဏ်ရာရသူတွေကို ကယ်ထုတ်သယ်ယူဖို့ အိုင်စီအာစီ ကိုတော့ ဖုန်းဆက်ပြောထားပါတယ်။” ပစ်ခတ်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မကြာစိန်၊ အသက် ၄၅ နှစ်နဲ့ အသက် ၇၀ ဝန်းကျင်အရွယ် ဒေါ်အေးကျော့ခင် အသက် ၇၀ နှစ်ခန့်တို့ နှစ် ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့  မတ်လ ၂၂ ရက်နေ့ကလည်း တပ်မတော်က ကျေးရွာအတွင်း ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၅ ဦးသေဆုံးခဲ့ကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စည်တောင်ကျေးရွာ ပစ်ခတ်မှုနဲ့ပတ်သက်လို့  တပ်မတော်ဘက်ကို ဆက်သွယ်‌မေးမြန်း ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့  တပ်မတော်စစ်ကြောင်းတွေကို အောက်တိုဘာ ၂၈ ရက် မနက်မှာ အေအေအဖွဲ့က စေတီတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းကနေ သာသနိက အဆောက်အဦတွေကို အကာအကွယ်ရယူပြီး ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သတင်း ထုတ်ထားပါတယ်။ သတင်း- ကောင်းကောင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024