တီကျစ်ကျောက်မီးသွေးစက်ရုံပိတ်သိမ်းရေး တောစောင့်နတ်များကူညီရန်ဆုတောင်း ဆန္ဒပြ

တီကျစ်ဒေသရှိ ကျောက်မီးသွေးမိုင်းနဲ့ ကျောက်မီးသွေးစက်ရုံဟာ လူထုအတွက်စိုးရိမ်ဖွယ် ဖြစ်လာပြီး ပိတ်သိမ်းပေးဖို့ အောက်တိုဘာ ၃၀ ရက်က တောင်ကြီးခရိုင် တီကျစ်-ပင်လောင်းလမ်းမကြီးဘေးမှာ ဒေသခံလူဦးရေ ၁၀၀၀ ကျော် ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရက တီကျစ် ကျောက်မီးသွေးစက်ရုံလည်ပတ်ခွင့် သုံးနှစ် သက်တမ်းတိုးတဲ့အပေါ် ဒေသခံတွေက လက်မခံတဲ့အတွက် လူထုလှုပ်ရှားမှု အနေနဲ့ ဆန္ဒပြတာဖြစ်ပါတယ်။
MATAအဖွဲ့ ကိုအောင်ကျော်မိုးက “အဆိပ့်သင့်နေတယ်၊ ပြာတွေ၊ ရေတွေညစ်ညမ်းနေ တယ်ဆိုတာ အထောက်အထားတွေနဲ့ တင်ပြတာကို လက်မခံဘူး၊ Eguard အစီရင်ခံစာ ထွက်လာတယ်၊ အဲမှာလည်း လေထု၊ ရေထု ညစ်ညမ်းတာဖော်ပြတယ်၊ ပြာတွေ ဘယ်လို သိမ်းမယ်ဆိုတာလဲ မပါဘူး။ ဒါကိုအစိုးရက အလေးမထားဘဲ သုံးနှစ် သက်တမ်းထပ်တိုးတဲ့ကိစ္စ ဥပဒေနဲ့မညီဘူး ဒါတွေဆက်ဖြစ်နေတယ် ဒါကြောင့် လူထုလှုပ်ရှားမှုနဲ့ ဆန္ဒပြနေပါတယ်”လို့ ပြောပါတယ်။
ဒီကနေ့ ဆန္ဒပြရာမှာ ဒေသခံတွေက တောစောင့်နတ် တောင်စောင့်နတ်တွေ ကူညီဖေးမဖို့ အုန်းပွဲပြင်ဆင်ပြီးဆုတောင်းပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။
ဒေသခံ ကိုစိုင်းတူးက “လူထုစိုးရိမ်မှုက ဒီထက်ဆိုးတယ်၊ အရင်လျှပ်စစ်ဝန်ကြီးဌာနက ကတိပေးထားတာရှိတယ်။ ဒီစီမံကိန်းကြီးက သဘာဝပတ်ဝန်းကျင် သော်လည်းကောင်း လူမှု ပတ်ဝန်းကျင်ကိုလည်းကောင်း ထိခိုက်မယ်။ သက်သေတွေပြနိုင်ရင် စီမံကိန်းရပ်ပေးမယ်လို့ ကုမ္ပဏီကော အစိုးရကော ကတိပေးထားတာရှိတယ်။ ဒါပေမယ့် အစီရင်ခံစာထွက်လာပြီး သက်သေအထောက်အထားတွေ ရှိတယ်။ သူတို့ ကတိကို လျစ်လျူရှုထားတယ်၊ ဒီအပေါ် လူထုကအစိုးရကို ယုံကြည်မှုကင်းမဲ့လာတယ်”လို့ ပြောပါတယ်။
ဆန္ဒပြပွဲဟာ တီကျစ်စိုက်ပျိုးရေးရုံးရှေ့မှ ကျောက်မီးသွေးစက်ရုံအထိ လမ်းလျှောက် ချီတက်ကြပြီး ရှမ်း၊ ပအိုဝ်း၊ တောင်ရိုး၊ ဓနု၊ ဗမာ၊ ကယန်း စတဲ့ဒေသခံ တိုင်းရင်းသားတွေ ပါဝင်ကြပါတယ်။
ဒီလို လူထုလှုပ်ရှားကန့်ကွက်တာကို အစိုးရက တစုံတရာ ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပါက တလတခါ လူထုလှုပ်ရှားမှု ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
သတင်း- ခွန်ရာဇာ











