DVB Logo
Home
မြန်မာသတင်း
အငြိမ့်မင်းသမီးဘ၀သရုပ်ဖော် “ဝိုင်းဝိုင်းလည်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည့် စာရေးဆရာမဂျူး (ရုပ်သံ)
DVB
·
October 30, 2019
အငြိမ့်မင်းသမီးဘ၀သရုပ်ဖော် “ဝိုင်းဝိုင်းလည်”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည့် စာရေးဆရာမဂျူး (ရုပ်သံ)
Donate to DVB

       ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပခဲ့တဲ့ မိုးမိုး(အင်းလျား)အမှတ်တရ စာပေနဲ့ အနုပညာ ပွဲတော်မှာ နာမည်ကြီးစာရေးဆရာမ ဂျူးက အငြိမ့်မင်းသမီးဘဝသရုပ်ဖော် တေးတပုဒ် ဖြစ်တဲ့ ဝိုင်းဝိုင်းလည် သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ စာရေးဆရာမ မိုးမိုး(အင်းလျား)ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် မြန်မာစာပေနဲ့ အနုပညာပွဲတော်ကို အောက်တိုဘာ ၂၅ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှာ သုံးရက်တာ ကျင်းပခဲ့တာဖြစ်ပြီး စာပေအနုပညာဆိုင်ရာ ဟောပြောပွဲတွေ၊ ပြခန်းတွေနဲ့အတူ   မိုးမိုး(အင်းလျား)ရဲ့ ဘဝဖြတ်သန်းမှုပုံရိပ်တွေနဲ့ ထင်ရှားတဲ့ စာရေးဆရာ ကြီးတွေရဲ့ ဓာတ်ပုံတွေ ကိုလည်း ပြသခဲ့တာ ဖြစ်ပါတယ်။

       စာရေးဆရာမ ဂျူးသီဆိုတဲ့ ဝိုင်းဝိုင်းလည်သီချင်းဟာ ရေနံ့သာဝင်းလှိုင်ရေးစပ်ပေး ထားပြီး မြန်မာသံအဆိုတော် သန်းသန်းဆင့်က သီဆိုခဲ့တဲ့ ဓာတ်ပြားရတေးသီချင်းတပုဒ် ဖြစ်ကာ မြန်မာ့အသံက မကြာခဏထုတ်လွှင့်ပေးနေရဆဲ သီချင်းတပုဒ် ဖြစ်ပါတယ်။

       “စွဲမိရွှေဘဝင် အကြင်နာပိုပေတယ်… ချစ်စိတ်မငြိုငြင် ယုံစေချင်တယ်… စိတ်ချပါ့ မောင်ရယ်… အငြိမ့်သမမို့ ချစ်သူ ဝိုင်းဝိုင်းလည်”ဆိုတဲ့ သီချင်းစာသားတွေနဲ့ ထင်ရှားတဲ့ ဒီသီချင်းကို ဆရာမဂျူးရဲ့ သီဆိုမှုနဲ့အတူ ဒေါက်တာနီလာသိန်း (ခ) စာရေးဆရာမ မြကြာ ငုံရဲ့ အကနဲ့ ရှူစားကြရမှာ ဖြစ်ပါတယ်။

       ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ လင်းလွန်းခင်စာပေတိုက်က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် တိုက်ရိုက် Live လွှင့်မျှဝေထားခဲ့တာဖြစ်ပြီး ဆရာမဂျူးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာပါ။

       ဆရာမ ၂ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ကျင်းပခဲ့တဲ့ “ရေဒီယိုခေတ်ရွှေ ဖြစ်ခဲ့သော သီချင်းများ”ဂီတပွဲတော်မှာလည်း ဒီသီချင်းနဲ့ပဲ သီဆိုဖျော်ဖြေခဲ့ကြဖူးပါသေး တယ်။

       ရေနံချောင်းမြို့ဇာတိ၊ အသက် ၆၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ စာရေးဆရာမဂျူးဟာ ၁၉၈၇ ခုနှစ်က ပထမဆုံးထုတ်ဝေခဲ့တဲ့ အမှတ်တရ ဝတ္ထုနဲ့ စာပေနယ်မှာ ထင်ရှားပြီး ပရိသတ်လက်ခံ အားပေးမှုနဲ့ အောင်မြင်တဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးပေါင်းများစွာကို လက်ရှိအချိန်ထိ ရေးသားနေဆဲ ဖြစ်သလို စာပေဟောပြောပွဲတွေနဲ့ အနုပညာလှုပ်ရှားမှု တွေမှာလည်း ပါဝင်နေသူ ဖြစ်ပါတယ်။

       ခုလတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် ရေပန်းစားနေခဲ့တဲ့ သီချင်းရုပ်သံ ဗွီဒီယိုဖိုင်ရဲ့ အောက်မှာတော့ ပရိသတ်တွေက “ဘက်စုံတော်တဲ့ ဆရာမများ”၊ “ဘုရားရေ ကျမခုမှ မြင်ဖူးတာ ဆရာမသီချင်းဆိုတာကို”စတဲ့ ချီးကျူးမှတ်ချက်တွေ ရေး သားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013